မြောက်ဒဂုံမြို့နယ်ရှိ အခြေခံပညာကျောင်းများကို အန္တရာယ်ရှိ အသင့်စားမုန့်ကင်းစင်ကျောင်းများအဖြစ် သတ်မှတ်

မြောက်ဒဂုံမြို့နယ်ရှိ အခြေခံပညာကျောင်းများကို အန္တရာယ်ရှိ အသင့်စားမုန့်ကင်းစင်ကျောင်းများအဖြစ် သတ်မှတ်

ရန်ကုန်၊ ဇန်နဝါရီ ၂၈။             ။  အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းက အန္တရာယ်ရှိ အသင့်စားမုန့်များကို ဒဂုံမြို့သစ် မြောက်ပိုင်းရှိ အခြေခံပညာကျောင်းများတွင် ဖယ်ရှားရှင်းလင်းပြီး ဖြစ်သောကြောင့် အဆိုပါ အခြေခံပညာကျောင်း ၃၁ ကျောင်းကို အန္တရာယ်ရှိ အသင့်စားမုန့် ကင်းစင် ပညာရေးနယ်မြေအဖြစ် ဇန်နဝါရီလ ၂၈ရက်နေ့က သတ်မှတ်ခဲ့သည်။

 
ဒဂုံမြို့သစ်မြောက်ပိုင်းရှိ အခြေခံပညာကျောင်းများတွင် အန္တရာယ်ရှိ အသင့်စားမုန့် ရောင်းချခွင့် ပိတ်ပင်ထားပြီး အိမ်တွင်းလုပ် အစားအစာများ၊  လက်ဖျော် သစ်သီး ဖျော်ရည်များနှင့် FDA အသိအမှတ်ပြု မုန့်များကိုသာ အဓိကထားရောင်းချနေသည်။

 မြောက်ဒဂုံမြို့နယ် ပညာရေးမှူးက “အများအားဖြင့် တရုတ်မုန့်တွေ၊ အသင့်စားမုန့်တွေ ကျောင်းတွေမှာ ရောင်းချနေတာတွေ ရှိတယ်၊ အဲ့တာတွေကို မရောင်းဖို့ တားမြစ်တယ် စျေးဆိုင်တွေ မရောင်းဖို့ သတိပေးတယ် ကျောင်းအုပ်တွေကိုလည်း သတိပေးတယ် ဒီလိုမှမလုပ်ရင် ကျောင်းတွေမှာ အသင့်စားမုန့်တွေ ကင်းစင်ဖို့က မဖြစ်နိုင်ဘူး”ဟု ဆိုသည်။

 
၎င်းအပြင် ကျောင်းနှင့် ပေ၁၀၀ပတ်လည်အတွင်း အန္တရာယ်ရှိ အသင့်စားမုန့်အပါအဝင် မူးယစ်ဆေးဝါး၊ ဆေးလိပ်၊ အရက်၊ ဘီယာ ရောင်းချခွင့် ပိတ်ပင်ထားပြီး ရောင်းချနေသည်ကို တွေ့ရှိပါက ဖယ်ရှားရှင်းလင်းကာ ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဟု သိရသည်။

 ကျောင်းအတွင်းက မုန့်စျေးတန်းများကိုလည်း တပတ် နှစ်ရက် ရှောင်တခင်စစ်ဆေးပြီး ရောင်းချနေသည်ကို တွေ့ရှိပါက သတိပေးခြင်း၊ ခံဝန်ထိုးခိုင်းခြင်း၊ ဆိုင်ပိတ်သိမ်းခိုင်းခြင်းများြဖင့် အရေးယူသွားမည်ဟု မြန်မာနိုင်ငံစားသုံးသူကာကွယ်ေရးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ဆိုသည်။

 “ဆိုင်ပိတ်သိမ်းတဲ့အထိ အရေးယူရတာမျိုးတော့ မရှိသေးဘူး အများစုကတော့ လိုက်နာတယ် တစ်ယောက်တစ်လေပဲ ဆင်ခြင်ပေးတာမျိုးတော့ ရှိတယ် ကလေးတွေ ကျန်းမာသက်ရှည်ဖို့ အဖြစ်များတဲ့ ဆီးချို၊ ကင်ဆာရောဂါတွေ ကာကွယ်ဖို့ စျေးသည်တွေ ကိုယ်တိုင်ပါဝင်ပြီးတော့ ကလေးတွေ နေ့စဉ်ထိတွေ့ရတဲ့ ကျောင်းမုန့်စျေးတန်းကနေစပြီး စားသောက်မှုပုံစံကို ပြောင်းလဲတာပါ” ဟု မြန်မာနိုင်ငံစားသုံးသူကာကွယ်ေရးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောသည်။

 တောင်ဥက္ကလာမြို့နယ်နှင့် အင်းစိန်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင်လည်း အန္တရာယ်ရှိ အသင့်စားမုန့်ကင်းစင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဟု သိရသည်။

 မြောက်ဒဂုံမြို့နယ်တွင် အထက်တန်းကျောင်း ၅ကျောင်း၊ အလယ်တန်းကျောင်း ၁ကျောင်း၊ မူလတန်းကျောင်း ၂၅ကျောင်းရှိပြီး ကျောင်းသား၊ ကျောင်းသူ ၂သောင်းကျော် တက်ရောက်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly