မြစ်ရေ စည်းချက် ဧရာဝတီ - ( ၂ )

မြစ်ရေ စည်းချက် ဧရာဝတီ - ( ၂ )

{တစ်မျက်နှာဆောင်းပါး}

ဧရာဝတီအစ ခါကာဘိုရာဇီက

ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ဟိုးမြောက်ဖျား ခါကာဘိုရာဇီ ရေခဲတောင်တွေကနေ မြစ်ဖျားခံလာတဲ့ ဧရာဝတီရဲ့ အစဟာ ယခုထိ သာယာမြဲသာယာနေတာကို တွေ့ရမှာ ပဲဖြစ် ပါ တယ်။ ရေခဲနေတဲ့တောင်တန်းတွေ တောင်ကြော တွေနဲ့ နှင်းတွေ အမြဲလိုလိုကျနေပြီး သမပိုင်းဇုံထဲက အမြင့်မားဆုံးတောင်တွေရဲ့ သဘာဝအလှ ထင်းရှူးတော ရှုမျှော်ခင်းတွေဟာ တိတ်ဆိတ်ငြိမ်သက်စွာ လှပနေဆဲ သာယာ နေဆဲဖြစ်ပါတယ်။

အဲဒီတောင်တန်းတွေဆီက ရေခဲတွေ နှင်းတွေကနေ အရည်ပျော်ပြီး မြင့်ရာကနေ နိမ့်ရာဆီကို စီးဆင်းလာတဲ့ ရေခဲရေတွေဟာ စုပေါင်းလို့ မေခနဲ့ မလိခဆိုတဲ့ မြစ်နှစ်သွယ် ဖြစ်ပေါ်လာပြီး မြစ်ကြီးနားမြို့အထက်ဖက်မှာ မြစ် နှစ်သွယ်ဆုံကြလို့ ဧရာဝတီမြစ်ဖြစ်ပေါ်လာတာ အားလုံးအသိပဲ ဖြစ်ပါတယ်။

ရေခဲတောင်တန်းတွေနဲ့ သဘာဝထင်းရှူးတောတွေဟာ အပြုအပြင်အထိန်းအသိမ်းမရှိရာကနေ ခုတော့ ခါကာဘိုရာဇီ သဘာဝဥယျာဉ်ဆိုတာရှိလာပြီး သဘာဝတရားတွေကို ထိန်းသိမ်းနေကြပြီဖြစ်ပါတယ်။ ခါကာဘိုရာဇီ သဘာဝဥယျာဉ်ရဲ့ အနောက်မြောက်ဖက် ရိုမိန်းရာဇီ၊ မာဆင်ဆမ်းရာဇီ၊ ဂေါ်လမ်ရာဇီ၊ တဆူဒိုရာဇီ အစရှိတဲ့ တောင်ကြိုတောင်ကြားက မြောင်းသေးသေးလေးတွေနဲ့ ချောင်းလေးတွေကနေ အထက်ဖက် မြန်မာနိုင်ငံအမြင့်ဆုံး ခါကာဘိုရာဇီတောင်တန်း ပူတာအိုမြောက်ဖက် လင်ဂွေလာရေခဲတောင်(Languela Glacier)မှစတင်လို့ မြစ်ဖျားခံပြီး ရေခဲရေတွေကတော့ စီးမြဲစီးနေဆဲပါ။ တစ်ဖြည်းဖြည်းစီးဆင်းလာရာကနေ ဆမ်နမ်ခေါင်(Sanankawng) အထက်နားမှာ သိသိသာသာ ချောင်းအသွင်သဏ္ဍာန်ဖြစ်လာတာကို တွေ့ရပါတယ်။  ပန်းနန်းဒင်ကျေးရွာကို ဖြတ်ပြီး စီးဆင်းလာတဲ့ ရေတွေဟာ ခေါင်လန်ဖူး နားရောက်တော့ ရေစုစည်းမှုများလာပြီး မြစ်အသွင် ဖြစ်လာပါ တော့တယ်။အဲဒါကိုတော့ အန်မိုင်ခ(သို့မဟုတ်)မေခမြစ်ဖြစ်လာတော့တာပေါ့။

၂၀ ရာစုရဲ့ အစပိုင်း ကာလတွေမှာတော့  ဆမ်နမ်ခေါင်(Sanankawng) နဲ့ ပန်းနန်းဒင်ကျေးရွာတွေဖက်ဆီကို လူတွေအရင်နဲ့မတူ အသွားအလာ ပိုများလာပါတော့တယ်။

ပန်နန်းဒင်မြို့ဟာ မြန်မာနိုင်ငံရဲ့ မြောက်ဖက်အစွန်းဆုံးမြို့ဖြစ်ပါတယ်။ ပူတာအိုမြို့မှ ခြေလျင်ခရီး မိုင်(၁၀၀)နီးပါးကို ပေ(၆၀၀၀)ကျော်မြင့်တဲ့ တောင်တန်းများဖြတ်သန်းကာ သွားရတဲ့ ဒေသဖြစ်ပြီး ခါကာဘိုရာဇီတောင်မှ စီးဆင်းလာသော နန့်တမိုင်မြစ်ရဲ့ တောင်ဖက်မှာ တည်ရှိပါတယ်။ တောင်ကုန်းတောင်တန်းများ ထူထပ်တဲ့မြို့လည်းဖြစ်ပြီး နန့်တမိုင်မြစ်ဟာ မြောက်မှတောင်သို့ စီးဆင်းကာ ၅၄ မိုင်ရှည်လျားပါတယ်၊ အဆိုပါနန့်တမိုင်မြစ်နဲ့ တရုပ်ပြည်ဖက်မှ စီးဆင်းလာတဲ့ ထရုံမြစ်တို့ ပေါင်းဆုံပြီး မေခမြစ်အဖြစ် မြစ်ဖျားခံတာဖြစ်ပါတယ်။
မိုးရေချိန်မှာ ၆၈.၈၈ လက်မရှိကာ တစ်နှစ်ပတ်လုံးမိုးရွာသွန်းတာကြောင့် ရာသီဥတု(၂) မျိုးသာ ရှိပြီး နွေရာသီတော့မရှိပါ။ တစ်နှစ်ပတ်လုံး(၁၀)ရက်ခန့်သာ နေရောင်ခြည်ကိုမှုံဝါးဝါးသာ မြင်တွေ့ရပါတယ်။

ခုနောက်ပိုင်းတော့ အထူးသဖြင့် ရေအရင်းအမြစ်ရှာဖွေသူတွေနဲ့ သယံဇာတတွေရှာဖွေသူ နိုင်ငံခြားသားတွေဟာ တစ်စတစ်စနဲ့  ရှားပါးတိရစ္ဆာန်များပါမက ရွှေသယံဇာတတွေနဲ့ မြေတွေပါ ယူဆောင်သွားကြလို့ ဒီနေ့မြင် ကွင်းအရဆိုရင် စိမ်းလမ်းစိုပြေ အေးချမ်းလွန်းနေတဲ့ သဘာဝဟာ တဖြေးဖြေးပြောင်းလဲလာတဲ့ အသွင်ဆောင်လာပါတော့တယ်။ ခရီးသွားတွေဟာ မြစ်နဲ့ မြစ်ပတ်ဝန်းကျင်မှာရှိတဲ့ မြေကြီးတွေကို ကရိယာမျိုးစုံနဲ့ တူးဆွ ရှာဖွေကြပါတော့တယ်။ အဲဒီနေရာတွေကို ကြီးစိုးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ပေါင်းသင်းလို့၊ သက်ဆိုင်ရာလုံခြုံရေး အဖွဲ့တွေနဲ့ ပေါင်းသင်းကာ တူးဆွရှာဖွေရင်းက မြစ်အတွင်းကိုပါမက မြစ်အောက်ကြမ်းပြင်တွေကိုပါ နယ်ချဲ့တူးဖော် ရှာဖွေကြလာပါတော့တယ်။

အလွန်တရာကိုမှ လှပသာယာလွန်းတဲ့ ဒေသမှာ ဥပဒေအကျိုးသက်ရောက်မှု အားနည်းတာတွေကို အခွင့်ကောင်းယူပြီး ကိုယ်ကျိုးကြည့် ဥပဒေဘက်တော်သားတချို့နဲ့ ပေါင်းသင်းကာ ကျွန်တော်တို့နိုင်ငံရဲ့ အဖိုးတန် သယံဇာ တတွေကို လွယ်လွယ်ကူကူပဲ ထုတ်ယူသွားကြတာလည်း ကျွန်တော်တို့ ငုတ်တုတ်ကို ထိုင်ကြည့်ခဲ့ရပါတယ်။ အဲဒီအချိန်က ကျွန်တော်တို့ နိုင်ငံသားတွေဟာ ဘာမှ မပြောရဲမဆိုရဲကြဘဲ ရင်ထဲအသည်းထဲမှာ ခံပြင်းနေကြတာပါ။

ဒါတင်မက ၂၀၁၀ ခုနှစ်မတိုင်ခင်နှစ်များက ခေါင်လန်ဖူးကနေ မြစ်ဆုံဒေသ မရောက်ခင် ကီလိုမီတာ အနည်းငယ်အထိ မြစ်ကြမ်းပြင်ကို ထပ်ပြီး တူးဖော်ကာ တွေ့သမျှသယံဇာတတွေကိုလည်း ဒေသခံလက်နက်ကိုင်အဖွဲ့များ၊ သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့များနှင့် ပေါင်းသင်းကာ ကိုယ်ကျိုးရှာ မသမာသူများက ယူငင်ကြတာကလည်း ကျွန်တော်တို့နိုင်ငံရဲ့ ဆုံးရှုံးမှု ဖြစ်ခဲ့ရပါတယ်။ ကျွန်တော်တို့ရဲ့ မြေပေါ် ရေအောက် သယံဇာတတွေဆုံးရှုံးတာကို အခုလိုပြောနေမယ့်အစား ပြန်ရမှာမဟုတ်တော့လို့ ကျွန်တော်တို့ဟာ အနာဂတ်မှာ အဲဒီလို ဖြစ်ခဲ့တာတွေကို သင်ခန်းစာယူရင်း အဲဒီမြစ်တွေ ချောင်းတွေကို တိုင်းပြည်အတွက် အကျိုးရှိအောင် အကျိုးဖြစ်ထွန်းအောင် လုပ်ကြ ရပါမယ်။

ကျွန်တော်တို့ ဘယ်လိုလုပ်သင့်သလဲ ..  .။

(ဆက်လက်ဖော်ပြပါမည်)

သန့်ဇော်(သန်လျင်)

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly