ပျော်စရာခရီးစဉ်မှ ထွက်ပေါက်ပိတ်ငရဲစခန်းအဖြစ် ပြောင်းလဲသွားတဲ့ တရုတ်နိုင်ငံ

ပျော်စရာခရီးစဉ်မှ ထွက်ပေါက်ပိတ်ငရဲစခန်းအဖြစ် ပြောင်းလဲသွားတဲ့ တရုတ်နိုင်ငံ

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

တရုတ်နိုင်ငံဟာ တစ်ကမ္ဘာလုံးမှာ လူဦးရေအထူထပ်ဆုံး နံပါတ် (၁) နိုင်ငံအဖြစ် လက်ရှိအချိန်ထိ ရှိနေဆဲပါပဲ။ တရုတ်နိုင်ငံရဲ့ နှစ်သစ်ကူးအချိန်အခါသမယဟာဆိုရင်ဖြင့် တရုတ်နိုင်ငံရဲ့ နေရာအနှံ့မှာ သန်းချီနေတဲ့ တရုတ်လူမျိုးတွေအပြင် ကမ္ဘာအရပ်ရပ်က လာရောက်လည်ပတ်ကြတဲ့ ခရီးသွားပြည်သူတွေလည်း ဒုနဲ့ဒေးပါပဲ။ ၂၀၂၀ ခုနှစ် ကြွက်နှစ် နှစ်သစ်ကူးဟာတော့ တရုတ်နိုင်ငံရဲ့ သမိုင်းကို နောက်တစ်ကြိမ်ထပ်ပြီး အမှောင်ဖုံးစေခဲ့တဲ့ ဖြစ်ရပ်လို့ ဆိုရမှာပါ။

တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ဖြစ်ပေါ်လာလိုက်တဲ့ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ဟာ လေထဲကနေတစ်ဆင့် လူတွေဆီကို ပြန့်နှံ့လာလိုက်တာ လက်ရှိအချိန် ကူးစက်ခံရသူပေါင်း ထောင်နဲ့ချီနေပြီး သေဆုံးသူဦးရေဟာလည်း ၈၀ ထက်မနည်းရှိနေပြီလို့ ဆိုထားပါတယ်။ လမ်းမထက်မှာ လူတွေနဲ့ ပျော်ရွှင်နေရမယ့် ခုလိုနှစ်သစ်ကူးအချိန်မှာ တရုတ်နိုင်ငံ ဝူဟန်မြို့သာမက တစ်နိုင်ငံလုံးမှာရှိတဲ့ သန်း ၆၀ သော တရုတ်နိုင်ငံသားတွေဟာ ရောဂါထိန်းချုပ်ဖို့အတွက် ပြည်ပထွက်ခွင့် လုံးဝပိတ်ပင်ခြင်းဖြင့် စတင်နေပါပြီ။

လူတွေအကုန်လုံးကလည်း အိမ်မှာပဲ Mask တစ်ခုနဲ့ အသက်ရှူနေရပြီး ကိုယ့်ဆီကို ရောဂါပိုးကူးစက်မခံရစေဖို့ ဆုတောင်းနေရုံနဲ့ ကာကွယ်နေရုံကလွဲပြီး တခြားဘာမှလုပ်စရာလည်း မရှိတော့ပါဘူး။ ရုံး၊ ကျောင်း၊ ဆိုင်တွေ ပိတ်ထားရုံသာမက ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းခရီးစဉ်တွေ အကုန်လုံးလည်း ဖျက်သိမ်းခံရတယ်။ အပြင်လမ်းမမှာလည်း သွားလာနေသူတွေ မရှိသလောက်နည်းသွားတာကြောင့် တစ်နိုင်ငံလုံးနီးပါး တိတ်ဆိတ်ခြောက်လှန့်နေတယ်ဆိုတဲ့ သတင်းတွေဟာ တော်တော့်ကို စိတ်မချမ်းသာစရာပါပဲ။

အစပိုင်းမှာတော့ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကို လေထဲကနေတစ်ဆင့် ပျံ့နှံ့တဲ့ ဗိုင်းရပ်စ်မျိုးစိတ် (Airborne Disease) အဖြစ်သာ သတ်မှတ်ထားခဲ့ပါတယ်။ Airborne ဆိုတာ ပြောရမယ်ဆိုရင် လူတစ်ယောက် ပါးစပ်မအုပ်ဘဲ ချောင်းဆိုး၊ နှာချေလိုက်တဲ့အခါ သူ့ရဲ့အသက်ရှူလမ်းကြောင်းထဲမှာ ရှိတဲ့ ရောဂါပိုးတွေဟာ လေထဲကနေတစ်ဆင့် တခြားနေရာကို ပျံ့နှံ့သွားပြီး လူတွေကို ကူးစက်တဲ့အခြေအနေမျိုးပါ။ ရောဂါပိုးကူးစက်ခံရတဲ့သူတွေကိုတော့ ဆေးရုံတွေမှာ အထူးကြပ်မတ်ဆောင်မှာ ထားရှိနေပြီး ရောဂါဆက်လက်မပြန့်စေဖို့ တရုတ်နိုင်ငံနဲ့ တစ်ကမ္ဘာလုံးမှာရှိတဲ့ ကျန်းမာရေးပညာရှင်တွေ၊ ဆရာဝန်တွေ အပြင်းအထန် ကြိုးစားနေကြပါတယ်။

လက်ရှိအခြေအနေအရ အမေရိကန်၊ ဥရောပနဲ့ တချို့သော အရှေ့တောင်အာရှနိုင်ငံတွေမှာပါ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိနေတယ်လို့ တွေ့ရှိသူတွေပါ ထွက်ပေါ်နေပြီလို့ သတင်းရရှိထားပါတယ်။ ကံကောင်းတဲ့တစ်ချက်ကတော့ ကျွန်တော်တို့မြန်မာနိုင်ငံကိုတော့ ဒီဝူဟန်ကိုရိုနာဗိုင်းရပ်စ်ပိုး ရောက်မလာသေးဘူးဆိုတာပါပဲ။ ဒီအတွက် မိဘပြည်သူတွေလည်း အရမ်းကြီးစိုးရိမ်တာမျိုး၊ စိတ်အေးလက်အေး ပေါ့ပေါ့နေတာမျိုး မလုပ်ပါနဲ့။ ဒီလိုအချိန်ဟာ ကိုယ့်အတွက် လိုအပ်နေတဲ့ ကာကွယ်မှုတွေ၊ ပြင်ဆင်မှုတွေ ပြုလုပ်ထားဖို့ အကောင်းဆုံးအချိန်တစ်ခုဆိုတာ မမေ့ကြပါနဲ့။ တရုတ်နိုင်ငံမှာ ရောက်နေတဲ့ ကျွန်တော်တို့ မြန်မာပြည်သူတွေ၊ လုပ်သားတွေ၊ ကျောင်းသားကျောင်းသူတွေ ဘေးအန္တရာယ်ကင်းရှင်းဖို့ အတတ်နိုင်ဆုံး ဆုတောင်းမေတ္တာပို့သတာမျိုး လုပ်ပေးကြပါ။

နောက်ပြီးတော့ သေချာရေရာတာမျိုး မဟုတ်ဘဲ ထွက်သမျှ သတင်းတိုင်းကို အယုံမလွယ်ဖို့၊ စိုးရိမ်ပူပန်လွန်ကဲတာမျိုး မဖြစ်ဖို့ သေချာသတိထားပါ။ ရောဂါပိုး ကူးစက်မခံရစေဖို့ ကိုယ်ခံအားကောင်းအောင် သေချာဂရုစိုက်ပေးပါ။ ရေများများသောက်ပေးပါ။ လူထူထပ်တဲ့ နေရာသွားတာမျိုးတွေ ရှောင်ကြဉ်ပါ။ လက်ကို အမြဲတမ်းဆေးကြောပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly