အခြားသော တရုတ်မြို့များမှ ခရီးသည်များကိုပါ ထိုင်းနိုင်ငံက ကျန်းမာရေး စက္ကရင် ဖတ်မည်

အခြားသော တရုတ်မြို့များမှ ခရီးသည်များကိုပါ ထိုင်းနိုင်ငံက ကျန်းမာရေး စက္ကရင် ဖတ်မည်

ဇန်နဝါရီ ၂၇ ။         ။ ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ရေးအတွက် တရုတ်နိုင်ငံ အခြားသော မြို့များမှ လာရောက်သော ခရီးသည်များကိုပါ ကျန်းမာရေး စက္ကရင်ဖတ်ခြင်းများ စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံက ဇန်နဝါရီ ၂၇ ရက်၌ ပြောသည်။

တရုတ်နိုင်ငံအတွင်း လူ ၈၀ သေဆုံးပြီး ၂၇၄၄ ဦး ကူးစက်သည့် ကိုရိုနာဗိုင်းရပ်စ်ပိုး အစပြုရာ ဝူဟန်မြို့အပြင် ကွမ်ကျို့နှင့် ချောင်ချွန်းမြို့များမှ ရောက်ရှိလာသော ခရီးသွားများကို စက္ကရင်ဖတ်သွားမည်ဖြစ်ကြောင်း ထိုင်း ရောဂါထိန်းချုပ်ရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး တာနာရတ်ပလီပတ်က ပြောသည်။

“ကျွန်တော်တို့ ကွမ်ကျို့နဲ့ ချောင်ချွန်းကနေ လာရောက်တဲ့ ခရီးသည်တွေကိုပါ စက္ကရင်ဖတ်ဖို့ လုပ်ငန်းစဉ်တွေ တိုးချဲ့လုပ်ဆောင်နေပါတယ်။ တရုတ်အာဏာပိုင်တွေဆီက တရားဝင်ထုတ်ပြန်ချက်တွေကို ချိန်ဆပြီး ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်သွားမှာ ဖြစ်တယ်။”ဟု ပလီပတ်က ပြောသည်။

ထိုင်းနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ရှစ်ဦး ရှိကာ တရုတ်နိုင်ငံပြီးလျှင် အမြင့်ဆုံးကူးစက်သည့် နှုန်းထားဖြစ်သည်။ ထိုသို့ ကူးစက်ခံရသူ ရှစ်ဦးတွင် ငါးဦးက ဆေးရုံတွင် ကုသမှုခံယူကာ ဆင်းသွားပြီလည်း ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ပိုးသည် အမေရိကန်နှင့် ဩစတြေးလျတို့တွင် ငါးဦး၊ စင်ကာပူ၊ မလေးရှား၊ တောင်ကိုရီးယားနှင့် ပြင်သစ်တို့တွင် လေးဦးနှင့် ဂျပန်၊ ဗီယက်နမ်၊ နီပေါနှင့် ကနေဒါတို့တွင် တစ်ဦးစီ ကူးစက်ခံထားရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly