အခြေခံပညာ သင်ရိုးကို နိုင်ငံတကာနည်းတူ ၁၀ လဆွဲထားဟုဆို

အခြေခံပညာ သင်ရိုးကို နိုင်ငံတကာနည်းတူ ၁၀ လဆွဲထားဟုဆို

နေပြည်တော်၊ ဇန်နဝါရီ ၂၇။         ။ အခြေခံပညာကျောင်းသင်ရိုး များကို ကမ္ဘာ့နိုင်ငံများနှင့် ယှဉ်ပြီး (၁၀)လရေးဆွဲခြင်းဖြစ်သည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းကပြောသည်။

အခြေခံပညာ စာသင်ချိန် တိုးမြှင့်မှုအတွက် ပညာရေးဝန်ထမ်းများက ကန့်ကွက်နေမှုများနှင့် ပတ်သက်၍ ဇန်နဝါရီ ၂၇ ရက်နေ့က အမျိုးသားလွှတ်တော်အစည်းအဝေးအပြီး သတင်းထောက်များ၏ မေးမြန်းမှုအပေါ် အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ အခြေခံပညာကျောင်းသင်ရိုးတွေက ဘယ်နိုင်ငံကြည့်ကြည့် တစ်နှစ်မှာ ၁၀ လ ရှိတယ်။ ဒို့ Frame Work ကိုလည်း (၁၀)လနဲ့ ဆွဲထားတယ်။ ဒါပေမယ့် အစိုးရအစဉ်အဆက် ခေတ်အစဉ်အဆက် ဘယ်ကာလကမှ ၁၀ လ ပြည့်အောင် မလုပ်နိုင်ဘူး။ ခုဟာက လုပ်နိုင်အောင် ကြိုးစား ကြည့်နေတယ်”ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံတွင် KG+12 ပညာရေးစနစ်ကို ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ခုနှစ်တွင် စတင်ပြောင်းလဲခဲ့ပြီး အဆိုပါစနစ်သည် လာမည့် ၂၀၂၂ခုနှစ်တွင် ပြီးဆုံးမည်ဖြစ်သည်။

ထိုစနစ်နှင့် လိုက်လျောမှုရှိစေမည့် ဆယ်လသင်ရိုးကို ပြောင်းလဲခဲ့ကြောင်းနှင့် အဆိုပါစနစ်ကို ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံနှင့် အာဖရိက နိုင်ငံတွင်းမှ နိုင်ငံတစ်နိုင်ငံသာ ပြီးဆုံးရန် ကျန်ရှိနေကြောင်း ဦးဝင်းမော်ထွန်းက ရှင်းပြသည်။

အဆိုပါ ဆယ်လသင်ရိုးစနစ်ကြောင့် ကျောင်းတက်ချိန်ကို လက်ရှိ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် မတ်လကုန်ထိ ပြောင်းလဲခဲ့သဖြင့် ၎င်းစနစ်အပေါ် ဆရာ၊ဆရာမများနှင့် ကျောင်းသားမိဘများ၏ ဝေဖန်မှုများနှင့် ကြုံတွေ့ နေရခြင်း ဖြစ်သည်။

“သူ့ဆိုင်ရာ အဆင့်ဆင့် ရည်ရွယ်ချက်တို့ လုပ်ငန်းစဉ်တို့ ရှင်းပြထားတာရှိတယ်။ ဒါတော့လုပ်ငန်းစဉ်တို့ရည်ရွယ်ချက်တို့ ရှိတဲ့အပေါ်မှာ သူတို့ ဘယ်လိုသဘောထားလည်း ဒါတော့ သူတို့ရဲ့ ဆန္ဒ သဘောထားပဲဖြစ်မယ်ထင်တယ်။ ခုလောလောဆယ်တော့ သတ်မှတ်ထားတဲ့ အတိုင်းပဲ ဆရာတို့ ဆက်လက်ဆောင်ရွက်နေတယ်”ဟု ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောသည်။

သို့ရာတွင် ဝေဖန်မှု အများအပြားထွက်ပေါ်နေသည့်အတွက် အဆိုပါ စနစ်ကို ပြန်လည် သုံးသပ်မည်ဟုလည်း ဒုဝန်ကြီးက ပြောသည်။

ဓာတ်ပုံ-အမျိုးသားလွှတ်တော်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly