ဝူဟန်မြို့မှ မြန်မာကျောင်းသားများအား နေရပ်မပြန်မီ ကျန်းမာရေးစစ်ဆေးကာ (၁၄)ရက် စောင့်ကြည့်ဦးမည်

ဝူဟန်မြို့မှ မြန်မာကျောင်းသားများအား နေရပ်မပြန်မီ ကျန်းမာရေးစစ်ဆေးကာ (၁၄)ရက် စောင့်ကြည့်ဦးမည်
ဓာတ်ပုံ - AFP

ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက် ။         ။ တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ပညာသင်ကြားလျက်ရှိသည့် မြန်မာကျောင်းသားများ မြန်မာနိုင်ငံသို့ မပြန်မီ ဝူဟန်မြို့တွင် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ကာ သီတင်းနှစ်ပတ် စောင့်ကြည့်ပြီးမှသာ ပြန်လွှတ်မည်ဖြစ်ကြောင်း ပေကျင်းမြို့ရှိ မြန်မာသံရုံးမှ ဒုတိယအတွင်းဝန် ဦးစိုးပြည့်ဝင်းက ပြောသည်။

ဦးစိုးပြည့်ဝင်းက “ကျွန်တော်တို့ကတော့ သက်ဆိုင်ရာ ပြည်နယ်နိုင်ငံခြားရေးရုံးကို တင်ပြလိုက်ပါတယ်။ သူတို့ညှိနှိုင်းတယ်ပေါ့နော်။ ညှိနှိုင်းတော့ ဝူဟန်မှာ အဲ့ဒီကျောင်းသားတွေ မထွက်ခွာခင်မှာ ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ရမယ်။ ပြုလုပ်ပြီးသွားတဲ့အချိန်မှ နောက်ထပ် ၁၄ ရက်စောင့်ကြည့်ကာလ သတ်မှတ်ပြီးမယ်ပေါ့နော်။ ၁၄ရက် ပြီးမှပဲ ထွက်လို့ ရမယ်ပေါ့။ ဒီဘက်က ကျန်းမာရေးစစ်ဆေးမှု အပြည့်အဝခံယူပြီးမှ ပြန်ပို့ဖို့ လုပ်မှာပါ” ဟု ပြောသည်။

ပြင်းထန်အဆုတ်ရောင်ရောဂါ ကိုရိုနာဗိုင်းရပ်စ် (2019nCoV) စတင်ဖြစ်ပွားခဲ့ပြီး ရောဂါကူးစက်ခံရသူနှင့် သေဆုံးသူဦးရေ တစ်နေ့တစ်ခြား မြင့်တက်လာနေသည့် ဝူဟန်မြို့၌ လက်ရှိတွင် ကျန်ရှိနေသော မြန်မာ ကျောင်းသား၊ ကျောင်းသူ အယောက် ၆ဝ ကို ဝူဟန်မြို့မှ ချန်းရှမြို့သို့ ဘတ်စ်ကားဖြင့် ထွက်ခွာနိုင်ရန်နှင့် ချန်းရှမြို့မှ တိုက်ရိုက်လေကြောင်းဖြင့် ဖြစ်စေ၊ ကူမင်း Transit ဖြင့်ဖြစ်စေ မြန်မာနိုင်ငံ၊ မန္တလေးမြို့သို့ အမြန်ဆုံး ပို့ဆောင်ပေးနိုင်ရန် သံရုံးဘက်က စီစဉ်လျက်ရှိပြီး မြန်မာကျောင်းသားအယောက် ၆ဝ လုံး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း ဦးစိုးပြည့်ဝင်းက ဆက်ပြောသည်။

“ကျောင်းသားတွေအနေနဲ့ကတော့ ကျောင်းမှာ နေ့စဉ်ပုံမှန်အဝင်အထွက် ဆေးစစ်မှုတော့ ရှိပါတယ်။ ကျန်းမာရေးလည်း ကောင်းမွန်ပါတယ်။ လောလောဆယ်မှာ ဒီလူတွေ အကုန်လုံး ဖျားတာ၊ နာတာလည်း မရှိပါဘူး။ ကာလတိုဖြစ်ဖို့တော့ ညှိနှိုင်းထားတယ်။ ကျွန်တော်တို့ကတော့ ဆေးစစ်မှုတော့ ခံယူပါ့မယ်။ ကျောင်းသားတွေအနေနဲ့လည်း မြန်မာနိုင်ငံကို အမြန်ပြန်လိုတဲ့ ဆန္ဒရှိနေတော့ ဆေးလည်းစစ်ပါမယ်။ ပြီးရင် မြန်မြန်ဆန်ဆန်ထွက်လို့ရအောင်ဆိုပြီး လောလောဆယ် ညှိနှိုင်းထားပါတယ်။ သူတို့ဘက်ကတော့ အကြောင်းပြန်လာခြင်း မရှိသေးပါဘူး” ဟု ၎င်းက ပြောသည်။

 မြန်မာနိုင်ငံအနေဖြင့် ပြန်လာမည့် ကျောင်းသားများအတွက် လိုအပ်သည်များကို စီစဉ်ထားပြီးဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး  ဒေါက်တာခင်ခင်ကြီးက ပြောသည်။

ဒေါက်တာခင်ခင်ကြီးက “သူတို့ရောက်လာပြီဆိုရင် ကျန်းမာရေး အရင်စစ်ဆေးဖို့ ရှိပါတယ်။ အဲ့ဒီအပေါ် မူတည်ပါတယ်။ တကယ့်တကယ်ကြလို့ရှိရင်တော့ အမတို့အနေနဲ့ကတော့ ကိုယ့်နိုင်ငံကို ဝူဟန်ကစဖြစ်တဲ့ နမိုးနီးယားရောဂါ မဝင်ရောက်စေဖို့အတွက် အစွမ်းကုန် ကြိုးစားဆောင်ရွက်နေပါတယ်။ ဆောင်ရွက်တဲ့နေရာမှာ ဒီကျောင်းသား ၆ဝ ဝူဟန်က ပြန်လာတယ်။ တစ်နည်းအားဖြင့်ဆို သူတို့ဆီကနေပြီးတော့ မြန်မာနိုင်ငံကလူတွေကို မကူးစက်ဖို့တော့ လိုအပ်တဲ့ အစီအမံတွေ ဆောင်ရွက်ပြီးဖြစ်ပါတယ်။ သူတို့နဲ့ ပတ်သက်လို့ ဘယ်လိုဆက်လက် ဆောင်ရွက်ရမလဲဆိုတာကို မကြာခင် ထုတ်ပြန်ပါမယ်။ ဒါပေမယ့် အဲ့ဒီအတွက်တော့ အစီအမံတွေ ဆောင်ရွက်ပြီးဖြစ်ပါတယ်ဆိုတာပဲ ပြောချင်ပါတယ်”ဟု ပြောသည်။

ဝူဟန်မြို့တွင် နိုင်ငံခြားသား ထောင်နှင့်ချီ ပိတ်မိနေပြီး အမေရိကန်၊ ပြင်သစ်၊ ဂျပန်နှင့် ထိုင်းနိုင်ငံတို့သည် ၎င်းတို့၏ နိုင်ငံသားများကို လေယာဉ်ဖြင့် ဘေးကင်းရာသို့ပြောင်းရွှေ့ရန် စီစဉ်လျက်ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။

၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလကုန်တွင် စတင်ဖြစ်ပွားခဲ့သော ယခုရောဂါပိုးသည် ဗိုင်းရပ်စ်ပိုးသစ်ဖြစ်ပြီး  ကိုရိုနာဗိုင်းရပ်စ်မျိုးနွယ်စုမှ မျိုးကွဲဖြစ်ကြောင်း သိရသည်။ သာမန်အအေးမိခြင်းမှ စ၍ ဖျားနာခြင်း၊ အသက်ရှူကျပ်ခြင်းနှင့်  ဆားစ်၊ မားစ်ရောဂါများ ဖြစ်ပွားနိုင်ပြီး ကျောက်ကပ်ပျက်စီး သေဆုံးနိုင်ကြောင်းလည်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly