တရုတ်နှင့် အမေရိကန်တင်းမာနေစဉ် ပြင်သစ်ဖရီးဂိတ်စစ်သင်္ဘော တရုတ်သို့ရောက်

တရုတ်နှင့် အမေရိကန်တင်းမာနေစဉ် ပြင်သစ်ဖရီးဂိတ်စစ်သင်္ဘော တရုတ်သို့ရောက်

ပေကျင်း၊ အောက်တိုဘာ ၂၈ ။                    ။ အငြင်းပွားရေပိုင်နက်အရေးနှင့် ပတ်သက်၍ တရုတ်နှင့် အမေရိကန်ကြား တင်းမာမှုများရှိနေစဉ် ပြင်သစ်ဖရီးဂတ်စစ်သင်္ဘောတစ်စင်းသည် တရုတ်၏  တောင်တရုတ်ပင်လယ် စစ်သင်္ဘောအုပ်စုထံသို့ လေးရက်ကြာခရီးစဉ် တစ်ခုအဖြစ် တရုတ်နိုင်ငံတောင်ပိုင်းရှိ ဆိပ်ကမ်းမြို့တစ်ခုတွင် ရောက်ရှိနေသည်ဟု တရုတ်စစ်ဘက်က အောက်တိုဘာ ၂၈ တွင်ပြောကြားခဲ့သည်။

ပြင်သစ်ဖရီးဂိတ်စစ်သင်္ဘော Vendemiaire သည် လေးရက်ကြာချစ်ကြည်ရေးခရီးစဉ်တစ်ခုအတွက် အောက်တိုဘာ၂၇ရက်နေ့ နံနက်က နိုင်ငံတောင်ပိုင်း ကွမ်တောင်းပြည်နယ်ရှိ ကျန်ကျင်းမြို့တွင် ဆိုက်ကပ်ခဲ့သည်ဟု တရုတ်လွတ်မြောက်ရေးတပ်မတော်နေ့စဉ်သတင်းစာက ဖော်ပြခဲ့သည်။

၎င်းသင်္ဘောသည် ပင်လယ်ပြင်တွင် မတော်တဆထိပ်တိုက်မတိုးမိရေးအတွက် လေ့ကျင့်ခန်းတစ်ခုတွင် ပါဝင်မည်ဖြစ်ပြီး ပြင်သစ်နှင့် တရုတ်ရေတပ် တပ်ဖွဲ့ဝင်များသည် စစ်သင်္ဘောများပေါ်သို့ အပြန်အလှန်လည်ပတ်ကာ ဘောလုံးကစားကြမည်ဟူ၍လည်း သတင်းစာကဖော်ပြသည်။

ယင်းသို့လုပ်ဆောင်မှုများက နှစ်နိုင်ငံရေတပ်ကြား အပြန်အလှန်နားလည်မှု၊ အပြန်အလှန်ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို မြင့်တင်နိုင်မည်ဖြစ်ကြောင်းလည်း သတင်းစာက ရေးသားခဲ့သည်။

ယခုဖရီးဂိတ်သင်္ဘောမှာ တရုတ်သို့ ရှစ်ကြိမ်မြောက်ရောက်ရှိခြင်းလည်းဖြစ်သည်ဟု ဆိုသည်။ လာမည့်သီတင်းပတ်တွင် ပြင်သစ်သမ္မတ ဖရန်ဆွာအော်လွန်းဒ် တရုတ်သို့ လာရောက်မည်ဖြစ်ပြီး ၎င်းမလာမီ အဆိုပါဖရီးဂတ်သင်္ဘောက ကြိုတင်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

တောင်တရုတ်ပင်လယ်ရှိ ပေကျင်း၏လူလုပ်ကျွန်းတစ်ခုအနီးသို့ အမေရိကန် ပဲ့ထိန်းဒုံးတပ် ဖျက်သဘောၤတစ်စင်း စေလွှတ်မှုအတွက် တရုတ်က ဝါရှင်တန်ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။ တရုတ်သည် အမေရိကန်ဖျက်သင်္ဘောကို ခြေရာခံလိုက်ကာ သတိပေးခဲ့သည့်အပြင် ကန့်ကွက်ကြောင်းပြောကြားရန် အမေရိကန်သံအမတ်ကိုလည်း ဆင့်ခေါ်ခဲ့သည်။

ပြင်သစ်နှင့် အမေရိကန်တို့မှာ နေတိုး၏ အဓိကအဖွဲ့ဝင်များဖြစ်သည်။ စပရက်တလီကျွန်းစုတွင် ၎င်းတည်ဆောက်ထားသော လူလုပ်ကျွန်းများ ပတ်ပတ်လည် ရေမိုင် ၁၂ မိုင်ကို တရုတ်က ပိုင်ဆိုင်သည်ဟု ပြောကြားထားသော်လည်း အမေရိကန်ဖျက်သင်္ဘော USS Lassen က အောက်တိုဘာ ၂၇က ကင်းလှည့်လိုက်ခြင်းက အထင်ရှားဆုံးအမေရိကန်၏ စိန်ခေါ်မှုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly