ညောင်ရွှေဆေးရုံက တရုတ်နိုင်ငံသူမှာ ကိုရိုနာဗိုင်းရပ်စ် လက္ခဏာမရှိဘူးလို့ ကျန်းမာရေးဌာနတည်ပြု

ညောင်ရွှေဆေးရုံက တရုတ်နိုင်ငံသူမှာ ကိုရိုနာဗိုင်းရပ်စ် လက္ခဏာမရှိဘူးလို့ ကျန်းမာရေးဌာနတည်ပြု
ဓာတ်ပုံ - MOI

ဇန်နဝါရီ ၂၇ ။          ။ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့သို့လာရောက်လည်ပတ်ရင်း ဝမ်းလျှောကာအဖျားရောဂါဝင်ပြီး ညောင်ရွှေပြည်သူ့ဆေးရုံမှာကုသမှုခံယူနေတဲ့ တရုတ်နိုင်ငံသူတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးရဲ့  လက္ခဏာမရှိဘူးလို့ ရှမ်းပြည်နယ်တောင်ပိုင်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဒေါ်သူဇာချစ်တင်က အတည်ပြုလိုက်ပါတယ်။

“သံသယရှိတဲ့အဆင့်တောင်မဟုတ်သေးဘူး။ထုတ်လည်းမထုတ်ပြန်သေးဘူး။ သူက တရုတ်နိုင်ငံက အမျိုးသမီးဖြစ်တာရယ်။ဝူဟန်ကိုသွားဖူးတာရယ်ပဲ။ သူဖြစ်တဲ့လက္ခဏာတွေမှာလည်း ကိုရိုနာဗိုင်းရပ်စ် လက္ခဏာတွေမရှိဘူး။ မရှိပေမယ့်လည်း ဝူဟန်သွားဖူးတဲ့နောက်ခံရှိတော့ နည်းနည်းစောင့်ကြည့်ပေးနေရတယ်။”လို့ ၎င်းကဆိုသည်။

အဲ့ဒီတရုတ်နိုင်ငံသူအမျိုးသမီးဟာ ဇန်နဝါရီ - ၂၆ရက်နေ့ ည ခြောက်နာရီခွဲဝန်းကျင်မှာ ဝမ်းလျှောအဖျားရောဂါနဲ့ ညောင်ရွှေ ပြည်သူ့ဆေးရုံမှာဆေးကုသမှုခံယူနေခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သက်သာခါစပြုနေပြီး လူလည်းလန်းဆန်းမှုတွေရှိနေပြီလို့သိရပါတယ်။

“သူ့ရဲ့အဆုတ်ကို x-rayရိုက်တယ်။ နောက်ပြီးသူ့ရဲ့သွေးကိုဖောက်ပြီးစစ်ဆေးတယ်။ ပုံမှန်ပါပဲ။”လို့ ၎င်းကထပ်မံပြောသည်။

 အခုလက်ရှိ တရုတ်နိုင်ငံက အမျိုးသမီးဆီမှာ ဝူဟန်ဗိုင်းရပ်စ်ပိုးရှိမရှိကို ထပ်မံအတည်ပြု ထုတ်ပြန်ဖို့အတွက် ဗဟိုကျန်းမာရေးဦးစီဌာနကိုတင်ပြထားတယ်လို့သိရပါတယ်။

“သူ့ကိုတော့ အခုလက်ရှိတော့ သီးသန့်အဆောင်မှာ စောင့်ကြည့်လူနာအနေနဲ့ထားထားတာပေါ့နော်။ သူများလူနာတွေနဲ့လည်းရောမထားဘူးလို့” ဒေါက်တာသူဇာချစ်တင်ကပြောသည်။

အဲဒီ တရုတ်နိုင်ငံသူ အမျိုးသမီးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်က ပေကျင်းမြို့မှ ကူမင်း မြို့သို့လည်ပတ်ခဲ့ပြီးနောက် ၂၃ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိခဲ့တာဖြစ်သည်။ အဲ့ဒီနောက် ၂၄ ရက်နေ့မှာ ညောင်ရွှေမြို့သို့ရောက်ရှိခဲ့တာဖြစ်သည်။

သူဟာ ၂၆ ရက်နေ့က တရုတ်နိုင်ငံကို ပြန်လည်ထွက်ခွာဖို့ ပြင်ဆင်နေစဉ် ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး ဖျားနာလာတဲ့အတွက် ညောင်ရွှေမြို့နယ် ပြည်သူ့ဆေးရုံသို့ ကုသမှုလာရောက်ခံယူတာဖြစ်တယ်လို့ သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly