မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုး အမည်စာရင်း တိတိကျကျ ပြဋ္ဌာန်းပေးရန် လိုအပ်ဟုဆို

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုး အမည်စာရင်း တိတိကျကျ ပြဋ္ဌာန်းပေးရန် လိုအပ်ဟုဆို
ဓာတ်ပုံ - ဆုမြတ်မေဇော်

ရန်ကုန်၊ ဇန်နဝါရီ၂၅။      ။ မြန်မာနိုင်ငံတွင် စစ်အစိုးရခေတ်က ဖော်ပြခဲ့သည့် တိုင်းရင်းသား ၁၃၅ မျိုးသည် တိတိကျကျ သတ်မှတ်ထား သော ဥပဒေပြဋ္ဌာန်းချက် မရှိခြင်းကြောင့် လက်ရှိ အစိုးရအနေဖြင့် ပြန်လည် သတ်မှတ် ပြဋ္ဌာန်းသင့်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ စာရေးဆရာ ဦးသန်းစိုးနိုင်က ပြောသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့က တိုင်းရင်းသား ၁၃၅ လား၊ ၁၄၄ လား ခေါင်းစဉ်ဖြင့် ကျင်းပသော စကားဝိုင်း တစ်ခု တွင် အထက်ပါအတိုင်း ဆွေးနွေး ပြောကြားခဲ့ခြင်း ဖြစ်သည်။

စာရေးဆရာ ဦးသန်းစိုးနိုင်က “ခါကာဘိုရာဇီ တောင်ခြေမှာ အိမ်ထောင်စု ၄ စုလောက် ရှိနေတယ်၊ လူ ၅၀ လောက်ရှိတယ်။ သူတို့ကို ဘယ်လို သတ်မှတ်မလဲ၊ နိုင်ငံသားအဖြစ်လား၊ တိုင်းရင်းသားအဖြစ်လား၊ မျိုးနွယ်စု တစ်ခုအဖြစ် သတ်မှတ် မလား။ နောက်ပြီး သူတို့ကလည်း တရုတ်ပြည်ဘက်က ဝင်လာတဲ့သူတွေ အဲ့ဒီလို မြန်မာပြည်ထဲ ဝင်လာတဲ့ ပြသာနာကလည်း ရှိတယ်”ဟု ပြောသည်။

၁၉၉၉ ခုနှစ်က ထုတ်ဝေခဲ့သည့် တိုင်းရင်းသား လူမျိူးများရေးရာ စာအုပ်တွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသား မျိုးနွယ်စု (၁၃၅) မျိုးရှိကြောင်း၊ ယင်းမျိုးနွယ်စုများတွင် ကချင်မျိုးနွယ်စု ၁၂ မျိုး၊ ကယားမျိုးနွယ်စု ၉ မျိုး၊ ကရင် မျိုးနွယ်စု ၁၁ မျိုး၊ ချင်းမျိုးနွယ်စု ၅၃ မျိုး၊ ဗမာမျိုးနွယ်စု ၉ မျိုး၊ မွန်မျိုးနွယ်စု ၁ မျိုး၊ ရခိုင်မျိုးနွယ်စု ၇ မျိုး၊ ရှမ်းမျိုး နွယ်စု ၃၃ မျိုး  စုစုပေါင်း တိုင်းရင်သား ၁၃၅ မျိုး ပါဝင်ကြောင်း သတ်မှတ်ခဲ့သည်။

တိုင်းရင်းသား အရေအတွက် သတ်မှတ်ခဲ့ရာတွင် တချို့မျိုးနွယ်စုငယ်များမှာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် အဓိက တိုင်းရင်းသား မျိုးနွယ်စုများ၏ ခေါင်းစဉ်အောက်တွင် ခွဲခြားထားကြောင်း သိရ သည်။

ထိုသို့ ခွဲခြားခဲ့ခြင်းကြောင့် တိုင်းရင်းသား အချင်းချင်းကြားရှိ သတ်မှတ် မျိုးနွယ်စု အုပ်စုအတွင်း ပါဝင်မှု ရှိ/မရှိ ကို အငြင်းပွားမှုများ ဖြစ်ပေါ်လျက်ရှိသည်။  

ဦးသန်းစိုးနိုင်က “ဥပမာ ကချင်မျိုးနွယ်စု အောက်မှာပါတဲ့ မျိုးနွယ်ငယ်တွေဟာ သူတို့က ကချင်နဲ့ မဆိုင်ဘူးဆို ပြီး ငြင်းနေကြ တာတွေ ရှိတယ်။ အဲ့တော့ ကျွန်တော်တို့မှာ ပြင်ရမယ့် ကိစ္စတွေ တော်တော်များများ ရှိနေတယ်” ဟု ပြောသည်။

ရန်ကုန်တက္ကသိုလ်ရဲ့ သမိုင်းကထိက ဒေါက်တာနန်းလှိုင်ကတော့ နိုင်ငံတစ်နိုင်ငံမှာ တိုင်းရင်းသား သတ်မှတ်မှု ထက် နိုင်ငံသား ဖြစ်တည်မှုက ပိုအရေးကြီးသည်ဟု ဆိုသည်။
 
“တချို့ နိုင်ငံကြီးတွေမှာဆို ဘာတိုင်းရင်းသား ဆိုတာတောင် မပြောတော့ဘူး အဓိကက နိုင်ငံသားပဲ နိုင်ငံသား ဆိုတာ နိုင်ငံတော်အပေါ် သစ္စာစောင့်သိဖို့ နိုင်ငံသားကောင်း ပီသဖို့ပဲ အရေးကြီးတာပါ”ဟု ၎င်းက ပြောသည်။

အဆိုပါ ဆွေးနွေးပွဲတွင် လက်ရှိ သတ်မှတ်ထားသော တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးတွင် မပါဝင်သည့် မျိုးနွယ်စုများနှင့် တိုးပွားလာသည့် မျိုးနွယ်စုများကို အစိုးရအနေဖြင့် အသိအမှတ် ပြုပေးနိုင်မည့် နည်းလမ်း များကို ဆွေးနွေး အဖြေရှာခဲ့ ကြသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required