အီရန် ခရီးသည်တင်လေယာဉ်တစ်စင်း ပြေးလမ်းချော်ကာ အမြန်လမ်းမပေါ် ထိုးရပ်သွား၊ ထိခိုက်ဒဏ်ရာရသူ မရှိ

အီရန် ခရီးသည်တင်လေယာဉ်တစ်စင်း ပြေးလမ်းချော်ကာ အမြန်လမ်းမပေါ် ထိုးရပ်သွား၊ ထိခိုက်ဒဏ်ရာရသူ မရှိ

ဇန်နဝါရီ ၂၇ ။            ။ အီရန်နိုင်ငံ အနောက်တောင်ပိုင်းတွင် ခရီးသည်တင်လေယာဉ်တစ်စင်း ဆင်းသက်စဉ် ပြေးလမ်းကို လွန်ထွက်ကာ အမြန်လမ်းမကြီးတစ်ခုပေါ် ရောက်ရှိထိုးရပ်သွားသည့် ဖြစ်စဉ်တစ်ခု ဇန်နဝါရီ ၂၇ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ လေယာဉ်သည် ဘန်ဒါ အီ မာရှာ မြို့ လေဆိပ်သို့ ဆင်းသက်ရန် ကြိုးပမ်းစဉ် အခက်အခဲတစ်ချို့ ရှိခဲ့ပြီး ပြေးလမ်းကို လွန်ထွက်ကာ ဆက်သွားနေခဲ့ပြီး အနီးအနားရှိ လမ်းမကြီးတစ်ခုအပေါ် ရောက်ရှိထိုးရပ်သွားခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်ကြောင့် လေယာဉ်ပေါ်ပါ လိုက်ပါလာခဲ့သည့် ခရီးသည် ၁၃၅ ဦးစလုံး တစုံတရာ ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ဟုလည်း သိရသည်။

“ မာရှာ လေဆိပ်ကို ဆိုက်ရောက်ချိန်မှာပဲ ဒီလေယာဉ်ရဲ့ ပိုင်းလော့က လေယာဉ်ကို ပြေးလမ်းပေါ်ဆင်းတာ တော်တော်လေး နောက်ကျသွားပါတယ်၊ ဒီတော့ ပြေးလမ်းကို ဆက်ကျော်သွားပြီး ခုလို လမ်းမကြီးပေါ်အထိ ရောက်သွားတာပါ” ဟု ခူဇက်စတန် ပြည်နယ် လေကြောင်းအာဏာပိုင်အဖွဲ့အကြီးအကဲတစ်ဦးက ပြောသွားသည်။

အီရန်၏ ကက်စပီယန် လေကြောင်းလိုင်း ပိုင် အဆိုပါ လေယာဉ်သည် တီဟီရန် လေဆိပ်ကနေထွက်ခွာပျံသန်းခဲ့ပြီး မာရှာ လေဆိပ်သို့ ဆင်းသက်စဉ် ယခုဖြစ်ရပ်နှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

ယခု ဖြစ်စဉ်နှင့်ပတ်သက်၍ အာဏာပိုင်များက စုံစမ်းစစ်ဆေးနေသည်ဟုလည်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly