အခြေခံပညာစာမေးပွဲကာလ နောက်ဆုတ်မှု ဖျက်သိမ်းပေးရန် ဆရာ/ဆရာမ ၃၀ ကျော် ဆန္ဒပြ တောင်းဆို

အခြေခံပညာစာမေးပွဲကာလ နောက်ဆုတ်မှု ဖျက်သိမ်းပေးရန် ဆရာ/ဆရာမ ၃၀ ကျော် ဆန္ဒပြ တောင်းဆို
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

ဘုတ်ပြင်း၊ ဇန်နာဝါရီ ၂၇။             ။ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ဆရာ/ ဆရာမ ၃၀ ဦးကျော်က အခြေခံပညာ စာမေး ပွဲကာလ နောက်ဆုတ်ခြင်းကို ဖျက်သိမ်းပေးရန် ဇန်နဝါရီလ ၂၆ ရက်တွင် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

အဆိုပါ ဆန္ဒ ထုတ်ဖော်ရာတွင် အခြေခံပညာ စာမေးပွဲကာလ ပြင်ဆင် ပေးရန်၊ လုပ်ငန်းခွင် အခြေပြု ပညာရေးစနစ် ဖော် ဆောင်ပေးရန်၊ ဒီမိုကရေစီနှင့် ကိုက်ညီသည့် စီမံခန့်ခွဲမှု ဖော်ဆောင်ပေးရန်၊ သုတေသနကို အခြေ မခံသည့် ပညာရေးစနစ် အလိုမရှိ စသည့် ကြွေးကြော်ကာ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြသည်။

ထိုဆန္ဒထုတ်ဖော်မှုတွင် ဆရာ/ဆရာမ ၃၀ ဦးကျော် ပါဝင်ပြီး ဘုတ်ပြင်းမြို့နယ်ရှိ လျောင်းတော်မူ ဘုရားရင်ပြင်တော်ကနေ  မြို့တွင်းသို့ စီးတန်းလှည့်လည်ပြီး အ.ထ.က ကျောင်းရှေ့ အနီး မြေကွက်လပ်သို့ ချီတက်ခဲ့ ဆန္ဒ ထုတ်ဖော်ခဲ့ကြ ခြင်းဖြစ် ကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ ဆရာ မြတ်မင်းဟိန်းခန့်က“ ကျွန်တော်တို့က စာမေးပွဲ ကာလကို နောက်ဆုတ်ခြင်းအတွက် ဆန္ဒဖော်ထုတ်တာ ဖြစ်တယ်၊ အောက်ခြေ ဝန်ထမ်းတွေရဲ့ အခက်အခဲနဲ့ မိဘ ပြည်သူတွေရဲ့ အခက်ခဲကို သေချာ မစမ်း စစ်ပဲ လုပ်ချင်တိုင်း လုပ်နေတဲ့အတွက် အခုလို ဆန္ဒထုတ်ဖော်ရတာ ဖြစ်တယ်”ဟု ပြောသည်။

လက်ရှိတွင် တစ်နိုင်ငံလုံး အတိုင်းတာဖြင့် ပညာရေး ဝန်ထမ်းများနှင့် ကျောင်းသား/ သူများသည်၊ အခြေခံပညာ စာမေးပွဲ ကာလ ပြင်ဆင် နောက်ဆုတ်ခြင်းနှင့်ပတ်သက်ပြီး ကန့်ကွက်လျက်ရှိနေကြသလို ဆန္ဒထုတ်ဖော်မှုများ လည်း ပြုလုပ်လျက် ရှိနေကြကြောင်း သိရသည်။

ထိုအထဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်ရှိ ဆရာ/ ဆရာမ များကလည်း ဤစနစ်ကို အလိုမရှိကြောင်း ဇန်နဝါရီ ၂၇ ရက်က ကန့်ကွက် ဆန္ဒဖော်ထုတ်လာခဲ့ကြရာ ဘုတ်ပြင်းမြို့ပေါ်ရှိ စာသင်ကျောင်းများ အပါအဝင် ကျွန်းစု၊ ကော့သောင်းနှင့် တနင်္သာရီမြို့နယ်ရှိ ကျောင်းများက ဆရာ/ဆရာမများလည်း ပါဝင်ကြကြောင်း သိရသည်။

ဘုတ်ပြင်းမြို့နယ် သံဇုံးကျေးရွာ မူလွန်သံဇုံးကျောင်းမှ ဆရာ ကိုကိုအောင်က “အခြေခံပညာ စာမေးပွဲကာလကို ယခင်နှစ် တွေက ကျွန်တော်တို့ ဖေဖော်ဝါရီလ ပထမအပတ်နဲ့ ဒုတိယအပတ်မှာ နောက်ဆုံး ဖြေဆိုကြပါတယ်၊ အခုက မတ်လအထိ နောက်ဆုတ် လိုက်တဲ့ အခါကြတော့ အောက်ခြေ ပညာရေး ဝန်ထမ်းတွေမှာ တကယ် အဆင်မပြေတဲ့ အခက်အခဲတွေ ဖြစ် ပေါ် လာနိုင်တယ်”ဟု  ပြောသည်။

ပညာရေးဝန်ကြီးဌာနသည် အခြေခံပညာ စာမေးပွဲကာလကို ယခင်က ဖေဖော်ဝါရီလထဲမှာ အပြီး ဆောင်ရွက်ခဲ့ကြသော် လည်း ယခုအခါမှာတော့ မတ်လအထိ စာသင်ချိန်ကို နောက်ဆုတ် တိုးမြှင့်ရန် စီစဉ်လျက်ရှိနေသည်။ ထိုအပေါ် ပညာရေး ဝန်ထမ်း တချို့က ကန့်ကွက်လျက်ရှိနေကြောင်း သိရသည်။

အဆိုပါ ကန့်ကွက်မှုများအပေါ် ပညာရေးဝန်ကြီးဌာနက အစည်းအဝေးများ ပြုလုပ်ကာ ညှိနှိုင်းလျက်ရှိကြောင်းလည်း သိရသည်။

ယခုလို စာသင်ချိန် တိုးမြှင့်ခြင်းနှင့် စာမေးပွဲ ဖြေဆိုချိန် နောက်ဆုတ်သည့် ကာလသည် နွေရာသီ ကျောင်းပိတ်ရက်များ ဖြစ်သည့်အတွက် ရာသီဥတု ပူပြင်းခြင်း ဒဏ်ကို ခံကြရမည်ဖြစ်သလို ကလေးများ စာသင်ချိန် ကျန်းမာ ရေး အခက်အခဲ များ ဖြစ်လာနိုင်ကြောင်း၊ ကလေး မိဘများ၏ ကြိုတင် ပြင်ဆင်မှုများ လုပ်ရန် လိုအပ်လာကြောင်း၊ ပူပြင်းသည့် ရာသီမှာ ကလေးများ စာသင်ရေးအပေါ် စိုးရိမ်ကြောင်း စသည့် အခြေအနေများကြောင့် စာ သင်ချိန်နှင့် စာမေးပွဲဖြေချိန် နောက်ဆုတ် မှု အခြေအနေကို ဖျက်သိမ်းပေးရန် တောင်းဆိုရခြင်း ဖြစ်သည်ဟု ဘုတ်ပြင်းမြို့နယ် သံဇုံးကျေးရွာ မူလွန်သံဇုံးကျောင်းမှ ဆရာ ကိုကိုအောင်က ပြောသည်။

ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ ဆရာ မြတ်မင်းဟိန်းခန့်က “အခု အခြေခံပညာ စာမေးပွဲကာလ မတ်လကို သတ်မှတ်လိုက် တာနဲ့ ပတ်သက်ပြီး၊ အောက်ခြေက ပညာရေး ဝန်ထမ်း တွေရဲ့ သဘောဆန္ဒ ဘာတစ်ခုမှ မပါဝင်ပါဘူး။ အထက်က လူကြီးတွေပဲ သတ်မှတ်လိုက်တဲ့ အခါကြတော့ အောက်ခြေမှာ ဘာတွေ အခက်အခဲတွေ ရှိတယ်ဆိုတာ လူကြီးတွေ မသိပါဘူး၊ တကယ် သတ်မှတ် ချင်တယ်ဆိုရင် အားလုံး ပါဝင်တဲ့ သဘောတူ ဆွေးနွေးမှုတွေ လုပ်ပေး စေချင်တယ်”ဟု ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required