တောင်ကိုရီးယားနိုင်ငံတွင် ပြုလုပ်မည့် The Bride Award 2015 ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ဝင်ရောက် ယှဉ်ပြိုင်မည်

တောင်ကိုရီးယားနိုင်ငံတွင် ပြုလုပ်မည့် The Bride Award 2015 ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ဝင်ရောက် ယှဉ်ပြိုင်မည်

ရန်ကုန်၊ အောက်တိုဘာ ၂၈ ။      ။ တောင်ကိုရီးယားနိုင်ငံ ဆိုးမြို့တွင် ဒီဇင်ဘာလ၌ ပထမအကြိမ် ပြုလုပ်မည့် The Bride Award 2015 ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် Style Plus H သင်တန်းကျောင်းမှ ရွေးချယ်ပြီး စေလွှတ်သွားမည် ဖြစ်သည်။

The Bride Award 2015 ပြိုင်ပွဲကို ကိုရီယားနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပြီး LBMA (Luxury Brand Model Awards) မှ ကျင်းပပြုလုပ်ခြင်း ဖြစ်ကာ သတို့သမီး ပွဲတော်အဖြစ် ကျင်းပခြင်း ဖြစ်သည်။

ထိုပွဲ၏ ထူးခြားချက်မှာ ပြိုင်ပွဲဝင် အလှမယ်များသည် သတို့သမီးဝတ်စုံဖြင့် ယှဉ်ပြိုင်ကြရမည်ဖြစ်ပြီး အနိုင်ရရှိသူက တစ်နှစ်အတွင်း အိမ်ထောင်ပြုမည်ဆိုပါက ကိုရီးယားနိုင်ငံ ဆိုးမြို့ရှိ Dress Garden ၌ မင်္ဂလာပွဲ ကျင်းပရန် အတွက် အစအဆုံး တာဝန်ယူ ပေးသွားမည် ဖြစ်သည်။

Style Plus H သင်တန်းကျောင်းမှ မလှနုထွန်းက "မိန်းကလေးတွေ အတွက် အတင်းကြီး လက်ထပ်ရမယ်လို့တော့ မပြောပါဘူး။ တကယ်လို့ အနိုင်ရသွားရင် တစ်နှစ်အတွင်း လက်ထပ်မယ် ဆိုရင် သူတို့ဘက်က ကိုရီးယားနိုင်ငံမှာ မင်္ဂလာပွဲ ကျင်းပဖို့ အစအဆုံး တာဝန်ယူပေးမှာပါ" ဟု ပြောသည်။

ပြိုင်ပွဲ အတွက် အသက် ၂၀ မှ ၃၉နှစ် အတွင်း အိမ်ထောင်မပြုရသေးသူ အမျိုးသမီးများ လျောက်ထားနိုင်ပြီး အရပ်အမောင်း ဦးစားပေးရန် မလိုအပ်ဘဲ မျက်နှာ ချောမောလှပသည့် အမျိုးသမီး တစ်ဦး ဖြစ်ရမည်။

Style Plus H သင်တန်းကျောင်းမှ မျက်နှာ ချောမောလှပသည့် သူတစ်ဦးကို ရွေးချယ် စေလွှတ်သွားမည် ဖြစ်ပြီး သင်တန်းကျောင်းမှ စေလွှတ်ခဲ့သည့် အလှမယ်များလည်း စိတ်ပါဝင်စားပါက ဝင်ရောက် ယှဉ်ပြိုင်နိုင်မည် ဖြစ်ကာ စိတ်ပါဝင်စားသူများ အားလုံးကို အင်တာဗျူး ပြုလုပ်သွားမည် ဖြစ်သည်။

ပြိုင်ပွဲဝင် အလှမယ် အများသည် National Costume ညနေခင်း ဝတ်စုံ၊ သတို့သမီး ဝတ်ဆင်သည့် ဝတ်စုံတစ်စုံတို့ဖြင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

The Bride Award 2015 ပြိုင်ပွဲအတွက် နိုဝင်ဘာ ၃၀ရက်တွင် ကိုရီးယားနိုင်ငံသို့ သွားရောက်ရမည် ဖြစ်ပြီး The Bride Award 2015 ဖိုင်နယ်ပြိုင်ပွဲကို ကိုရီယားနိုင်ငံရှိ Dress Garden ၌ ဒီဇင်ဘာ ၃ရက်တွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly