ဆီးရီးယားသို့ အထူးတပ်ဖွဲ့ဝင်များနှင့် အီရတ်သို့ ရဟတ်ယာဉ်များ စေလွှတ်ရန် အမေရိကန်စဉ်းစားနေ

ဆီးရီးယားသို့ အထူးတပ်ဖွဲ့ဝင်များနှင့် အီရတ်သို့ ရဟတ်ယာဉ်များ စေလွှတ်ရန် အမေရိကန်စဉ်းစားနေ

ဝါရှင်တန်၊ အောက်တိုဘာ ၂၈ ။                 ။ အမေရိကန်သည် အိုင်အက်စ်စစ်သွေးကြွများအပေါ် တိုက်ခိုက်ရေး အရှိန်အဟုန်မြင့်တင်ရန် ရွေးချယ်စရာနည်းလမ်းများကို သုံးသပ်လျက်ရှိစဉ် ဆီးရီးယားနိုင်ငံအတွင်းသို့ အထူးတပ်ဖွဲ့ဝင်များကိုလည်းကောင်း အီရတ်သို့ တိုက်ခိုက်ရေးရဟတ်ယာဉ်များကိုလည်းကောင်း စေလွှတ်ရန် စဉ်းစားလျက်ရှိကြောင်း အမေရိကန်အရာရှိများက   အောက်တိုဘာ ၂၇ တွင် ပြောကြားခဲ့သည်။

လူကြိုက်မများသော အရှေ့အလယ်ပိုင်းရှိ စစ်ပွဲများသို့ အမေရိကန်တပ်ဖွဲ့ဝင်အများအပြား စေလွှတ်ရန် မလိုလားသော သမ္မတဘားရက်အိုဘားမားသည် ၎င်း၏သမ္မတသက်တမ်းကုန်ဆုံးရန် နီးကပ်လာချိန် ဖြစ်နိုင်ချေရှိသည်များကို စဉ်းစားလျက်ရှိသည်။

မေလက အီရတ်၏ ရာမာဒီမြို့ အိုင်အက်စ်တို့လက်တွင်းသို့ ကျရောက်သွားသည့်အပြင် ဆီးရီးယားသူပုန်ထောင်ပေါင်းများစွာကို လက်နက်တပ်ဆင် လေ့ကျင့်ပေးရေးအစီအစဉ်များလည်း ပျက်ပြားခဲ့သဖြင့် အိုဘားမား၏ အစိုးရအဖွဲ့မှာ ဖိအားပေးခံနေရသည်။

အီရတ်နှင့် ဆီးရီးယားတွင် တိကျသော အကန့်အသတ်ရှိသော စစ်ရေးရည်မှန်းချက်များ ရှေ့တိုးဆောင်ရွက်ရန် ကြိုးပမ်းနေပြီး အမေရိကန်၏ တပ်ဖြန့်ချထားမှုများကို ကွက်တိနီးပါးမှန်ကန်မှုရှိအောင်လုပ်ဆောင်မည်ဟု အမည်မဖော်သည့် အမေရိကန်အရာရှိနှစ်ဦးက ရိုက်တာသို့ ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ရွေးချယ်မှုတွင် ပထမဆုံးအကြိမ်အဖြစ် သဘောထားအလယ်အလတ်ရှိ ဆီးရီးယားအတိုက်အခံ တိုက်ခိုက်ရေးသမားများကို အကြံပေးရန် ဆီးရီးယားနိုင်ငံအတွင်းသို့ အမေရိကန်အထူးတပ်ဖွဲ့ဝင်အချို့ကို ယာယီချထားမည်ဖြစ်ပြီး ယင်းသို့ချထားမှုက အမေရိကန်လေကြောင်းစစ်ဆင်ရေးများကိုလည်း ထောက်ကူမှုပေးနိုင်သည်ဟု အရာရှိတစ်ဦးက ပြောသည်။

အခြားဖြစ်နိုင်ခြေများတွင် အီရတ်တပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်ကို မြင့်တင်ရန် အမေရိကန်တပ်ဖွဲ့ဝင်များ မောင်းနှင်တိုက်ခိုက်မည့် အပါချီရဟတ်ယာဉ်များကို အီရတ်သို့ ပေးပို့ခြင်းလည်း ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly