မက်ဆီကို စာချုပ်သက်တမ်းတိုးရန် ဘာစီလိုနာအသင်း စီစဉ်

မက်ဆီကို စာချုပ်သက်တမ်းတိုးရန် ဘာစီလိုနာအသင်း စီစဉ်

စပိန်၊ အောက်တိုဘာ ၂၈ ။            ။ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသည် ဘာစီလိုနာမှ ပြောင်းရွှေ့ရန် စီစဉ်ခဲ့ဖူးပြီး ပရီးမီးယားလိဂ်ထိပ်သီးအသင်းများဖြစ်သော မန်ယူ၊ ချယ်လ်ဆီးတို့နှင့် ဆက်သွယ်ခဲ့သည်ဟူသည့် သတင်းများထွက်ပေါ်လာပြီးနောက် ဘာစီလိုနာအသင်းသည် ၎င်းတို့၏ အဓိကတိုက်စစ်မှူးကို စာချုပ်သစ်ချုပ်ဆိုရန် အစီအစဉ်ဆွဲလျက်ရှိသည်။

ယခု မက်ဆီဒဏ်ရာရနေသည့်အချိန်တွင် နေမာနှင့် ဆွာရက်ဇ်တို့မှာ ခြေစွမ်းပြလျက်ရှိပြီး ဘာစီလိုနာအတွက် ရလဒ်ကောင်းများ ရယူပေးနေကြသည့်အတွက် မက်ဆီ၏သတင်းမှာ ပိုမိုလူစိတ်ဝင်စား ခဲ့ရသည်။

ထိုကောလာဟလသတင်းများနှင့် ပတ်သက်ပြီး ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမြူက စိတ်ကသိကအောက်ဖြစ်စေကြောင်းနှင့် မက်ဆီမှာ ဘာစီလိုနာအသင်းတွင်သာ ကစားသမားဘ၀ ကုန်ဆုံးမည့်သူဖြစ်ကြောင်းတုံ့ပြန်ပြောဆိုခဲ့သည်။

မက်ဆီ၏ လက်ရှိစာချုပ်မှာ ၂၀၁၇-၁၈ ရာသီအကုန်တွင်မှ ကုန်ဆုံးမည်ဖြစ်ပြီး ၎င်းကို စာချုပ်သက်တမ်းမပြည့်မီခေါ်ယူလိုပါက လျော်ကြေးငွေ ယူရိုသန်း ၂၅၀ ပေးချေရမည်ဟု စာချုပ်တွင် ပါရှိသည်။ မက်ဆီသည် လက်ရှိတွင် တစ်နှစ်လုပ်ခ လစငွေ ယူရိုသန်း ၂၀ ရရှိနေပြီး ဘာစီလိုနာတွင် လစာအများဆုံး ကစားသမား ဖြစ်သည်။

အသက် ၂၈ နှစ်အရွယ်ရှိ မက်ဆီသည် စာချုပ်သစ်ချုပ်ဆိုဖြစ်ခဲ့ပါက ကစားသမားဘဝကို ဘာစီလိုနာအသင်းတွင်သာ ကုန်ဆုံးတော့မည်ဟူသည့် အဓိပ္ပါယ်ဖြစ်ကြောင်း သတင်းများက ဖော်ပြသွားခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly