တရုတ်သမ္မတ ခရီးစဉ်နဲ့ မြန်မာ့အကျပ်အတည်း

တရုတ်သမ္မတ ခရီးစဉ်နဲ့ မြန်မာ့အကျပ်အတည်း
Photos: EPA & AFP

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ မြန်မာနိုင်ငံကို ဇန်နဝါရီလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းမှာ ရောက်လာပါတယ်။ ဒါဟာ နှစ် ၂၀ နီးပါးအကြာမှာ တရုတ်ခေါင်းဆောင်တစ်ယောက်ရောက်လာခဲ့တဲ့ တစ်ညအိပ် ခရီးစဉ်ဟာ တရုတ်-မြန်မာ ဆက်ဆံရေး နှစ် ၇၀ ပြည့်နဲ့ ချိန်ကိုက်ပြီးလာတဲ့ ခရီးစဉ်ဖြစ်သလို မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေ ဆက်ပြီးမဖြစ်အောင်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံက ကြားဖြတ် လိုက်နာ လုပ်ဆောင်ရမယ့် အချက်တွေကို ချမှတ်ပေးဖို့ အပြည်ပြည်ဆိုင်ရာ တရားခုံရုံး (ICJ)  က ဂမ်ဘီယာ နိုင်ငံက လျှောက်ထားချက်အပေါ် ICJ က ဆုံးဖြတ်ချက်ချမှတ်ဖို့ တစ်ပတ်အလိုလောက်မှာ  ရောက်လာခဲ့တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။

မြန်မာ့နိုင်ငံခြားရေးမူဝါဒဟာ ဘက်မလိုက်ဝါဒလို့ ဆိုပေမယ့် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဗီတိုအာဏာပိုင်တာကြောင့်သာမက ပြည်တွင်းငြိမ်းချမ်းရေးအတွက် မြန်မာအစိုးရဟာ တရုတ်နိုင်ငံအပေါ် နိုင်ငံရေးအရမှီခိုလာရသလို  နိုင်ငံတကာ ပစ်ပယ်မှုတကျော့ပြန် ပြန်တက်လတဲ့  အနေအထားမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအပိုင်းမှာလည်း မှီခိုနေရတဲ့အနေအထားပါပဲ။

ရင်းနှီးမြုပ်နှံမှုဆိုရာမှာ အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြုပ်နှံမှုတွေ၊ သံယံဇာတတူးဖော်ထုတ်လုပ်မှုတွေ ၊ ဆည်တည်ဆောက်ရေးနဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းတွေ၊စိုက်ပျိုးရေးကဏ္ဍတွေမှာ တစ်ခုမဟုတ်တစ်ခုသော်လည်းကောင်း၊ တစ်ခုထက်ပိုလို့သော်လည်းကောင်း ပါဝင်ပါတယ်။

သမ္မတ ရှီကျင့်ဖျင်ရဲ့ ခရီးစဉ်ထဲမှာတော့ မြန်မာနဲ့ တရုတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဖွံ့ဖြိုးရေးအကူညီတွေနဲ့ဆိုင်တဲ့ စာချုပ် ၃၃ ခု ချုပ်ဆိုခဲ့ကြပါတယ်။ စာချုပ်အမျိုးအစားတွေကို ခွဲစိတ်ကြည့်ရင်  နားလည်မှုစာချွန်လွှာ၊ သဘောတူညီချက်၊ ရည်ရွယ်စာ၊ လိုက်နာစောင့်ထိန်းရမည့် သံခင်းတမန်ခင်း လုပ်ထုံးလုပ်နည်းနဲ့ စာလွှာလဲလှယ်တွေ ပါပါတယ်။ 

နှစ်ဘက်ခေါင်းဆောင်တေ ဆွေးနွေးတဲ့အထဲ မြစ်ဆုံဆည်စီမံကိန်းအကြောင်းပါဟန်မတူသလို သဘောတူလက်မှတ်ရေးထိုးတဲ့ စာချုပ်တွေထဲမှာ အကောင်အထည်ဖော်တဲ့အဆင့်လို့ ပြောရင် ဧရာမ စီမံကိန်းတွေထဲမှာ  နာမည်ကျော် ပိုးလမ်းမစီမံကိန်းအောက်က  “ ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုင်ရာ သဘောတူစာချုပ်နှင့် အစုရှယ်ယာများနှင့် သက်ဆိုင်သော စာချုပ်” တစ်ခုပဲ ပါဝင်ပါတယ်။ ဒီစာချုပ်သဘောအရဆိုရင် ရင်းနှီးမြုပ်နှံမှုနဲ့ဆိုင်တဲ့ ဘဏ္ဍာငွေကြေးရှာဖွေမှုနဲ့ အသေးစိတ်အချက်အလက်တွေကို ဆက်လက်ညှိနှိုင်းသွားရမှာဖြစ်သလို စီမံကိန်းအကောင်အထည်ဖော်တဲ့ တင်ဒါခေါ်တာတွေ လုပ်သွားရမှာဖြစ်ပါတယ်။ ရန်ကုန်မြို့သစ် စီမံကိန်းဆိုရင် ရည်ရွယ်စာအဆင့်မှာပဲ ရှိပါသေးတယ်။

သမ္မတရှီဟာမြန်မာနိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံသလို နေပြည်တော်က အေးရှားဝေါလ်ကုမ္ပဏီပိုင် Horizon Lake View ဟိုတယ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း လက်ခံတွေ့ဆုံပါတယ်။ အေးရှားဝေါလ်ရဲ့ အကြီးအကဲကတော့ စတီဗင်လော ခေါ် ဦးထွန်းမြင့်နိုင်ဖြစ်ပါတယ်။ သူဟာ မြန်မာပြည်မှာ အပေါက်ရောက်ဆုံးနဲ့ အင်အားအကြီးဆုံး စီးပွားရေးသမားတွေထဲက တစ်ယောက်ဖြစ်ကာ တရုတ်နဲ့လည်း ဆက်ဆံရေး အတော်ကောင်းတဲ့သူပါ။ စစ်အစိုးရလက်ထက်မှာ စစ်အုပ်စုအကြီးအကဲတွေနဲ့ သူ့ကို တပူးတစ်တွဲတွဲ တွေ့လေ့ရှိပြီး နိုင်ငံရေးအကူးအပြောင်းမှာ အများမြင်ကွင်းကပျောက်သွားခဲ့ပေမယ့် ၂၀၁၆ ခုနှစ်မှာ အဲဒီတုံးက သမ္မတ ဦးထင်ကျော်ရဲ့ ရုရှားနိုင်ငံခရီးစဉ်အတွက် လိုက်ပါပို့ဆောင်သူတွေထဲမှာ သူ့ကိုလည်း မြင်တွေ့ခဲ့ကြရပါတယ်။ ရန်ကုန်လေဆိပ်ဟာလည်း အေးရှားဝေါလ်ရဲ့ မြောက်များလှစွာသော ရင်းနှီးမြုပ်နှံမှုစီမံကိန်းတွေအထဲက တစ်ခုဖြစ်ပါတယ်။ ဦးထွန်းမြင့်နိုင် သို့မဟုတ် အေးရှားဝေါလ်က ၅၀ ရာခိုင်နှုန်းနဲ့ အထက်ပိုင်တဲ့ ကုမ္ပဏီတစ်ချို့ကို ယူအက်စ်က ပိတ်ဆို့အရေးယူမှုစာရင်းမှာ ထဲ့ထားပါတယ်။

သမ္မတရှီခရီးစဉ်ထဲက ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေကို ကြည့်ရင် မြန်မာအစိုးရအနေနဲ့  တရုတ်ရဲ့ စီမံကိန်းတွေအပေါ်မှာ မူဝါဒ၊ စည်းမျ ဉ်းစည်းကမ်းတွေအတိုင်း ကြပ်ကြပ်မတ်မတ်လုပ်ဆောင်ဖို့ ပြင်ဆင်ထားပြီး ရင်းနှီးမြုပ်နှံမှုတွေကို သတိထားလုပ်ဆောင်နေတာတော့ ပေါ်လွင်စေပါတယ်။

သမ္မတရှီက မြန်မာပြည်က အပြန်မှာ ကူမင်းကို သွားရောက်လည်ပတ်နေခဲ့ပါတယ်။ သူ့ရဲ့ လေးရက်ကြာ ကူမင်းခရီးစဉ်ထဲမှာ တရုတ်ပြည်ထဲက လူနည်းစုတစ်ခုဖြစ်တဲ့ ၀ လူမျိုးစုတွေဆီကိုလည်း သွားရောက်လည်ပတ်ခဲ့ပါသေးတယ်။ယူနန်ဟာမြန်မာနဲ့ပတ်သက်ရင် အရေးပါလှပါတယ်။ မြန်မာပြည်နဲ့ပတ်သက်တဲ့ မူဝါဒတွေကို အကောင်အထည်ဖော်ဆောင်တာမှာ ရှေ့တန်းစခန်းကတော့ ယူနန်ဖြစ်လို့ပါပဲ။  

တရုတ်ပြည် ယူနန်ကလိုပဲ မြန်မာနိုင်ငံဘက်အခြမ်းမှာရှိတဲ့ ၀ လူမျိုးစုတွေရဲ့ အထူးဒေသ (၂)က သမ္မတရှီ ခရီးစဉ်မတိုင်ခင်  ထုတ်ပြန်ကြေညာချက်တစ်ခုထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ပါတယ်။ အဲဒီထုတ်ပြန်ချက်မှာ “ ၀ ပြည်နယ် ပြည်သူ့အစိုးရဧ လို့သူတို့ကိုယ်သူတို့သုံးနှုံးထားပြီး  “ မြန်မာနိုင်ငံမြောက်ပိုင်း၏ ငြိမ်းချမ်းရေး ပြဿနာသည် မြန်မာ-တရုတ်နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပြည်သူလူထု ဆက်ဆံရေး ဖွံ့ဖြိုးမှုနှင့် သက်ဆိုင်ပြီး ၀ ပြည်နယ်အနေဖြင့် တရုတ်ဖက်မှ တက်ကြွစွာ အပြုသဘောဆောင်သည့် လုပ်ဆောင်ချက်ဖြင့် မြန်မာ-တရုတ်နှစ်နိုင်ငံ အကြီးအကဲတို့မှ မြန်မာနိုင်ငံမြောက်ပိုင်း၏ ငြိမ်းချမ်းရေးပြဿနာနှင့် ပတ်သက်၍ မြန်မာနိုင်ငံမြောက်ပို်င်း လက်တွေ့အခြေအနေနှင့် ကိုက်ညီသည့် ထိရောက်တိကျသော နိုင်ငံရေးဖြေရှင်းနည်းလမ်းကို ရှာဖွေတွေ့ရှိရန် စေတနာမှန်ဖြင့် မျှော်လင့်ပြီး ၀ ပြည်နယ်အနေနှင့်လည်း လိုအပ်သော စွမ်းဆောင်မှုများပြုလုပ်သွားမည်ဖြစ်သည်” ဟု ပါပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့တပ်မတော်အကြား တိုက်ပွဲတွေရပ်စဲသွားနိုင်ဖို့ တရုတ်အစိုးရက အာရှရေးရာ အထူးသံတမန်ခန့်အပ်ပြီး ကြားဝင်စေ့စပ်ပေးနေခဲ့တာ ၂၀၁၃ ခုနှစ်ကတည်းက ဖြစ်ပါတယ်။

ဒီဒေသတွေမှာ မြောက်ပိုင်းမဟာမိတ်လို့ခေါ်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်-KIA၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA၊ ကိုးကန့်တပ်မတော်-MNDAA နဲ့ ရက္ခိုင့်တပ်တော်-AA တို့ဟာ ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် ဗဟိုအစိုးရကို ပုန်ကန်တိုက်ခိုက်နေကြပါတယ်။ သူတို့ကို  အင်အားအတောင့်တင်းဆုံးလက်နက်ကိုင်တပ် ပိုင်ဆိုင်ထားတဲ့ နေပြည်တော်ရဲ့ သြဇာလွှမ်းမိုးမှုလုံးဝမရှိတဲ့ ပန်ဆန်းဒေသက  ‘ ၀’ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP က လက်နက်ထောက်ပံ့မှုတွေ ပြုလုပ်တတ်ပါတယ်။ ‘၀’ ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ UWSA ဟာ လက်နက်တွေကို မြန်မာပြည်တွင်းတင်သာမကဘဲ အိန္ဒိယအရှေ့မြောက်ဒေသက သူပုန်တွေဆီကိုပါ ရောင်းချတယ်လို့ ဒေသတွင်း သတင်းထွက်ပေါ်ပါတယ်။ လက်နက်တွေဟာလည်း တရုတ်မော်ဒယ်ပုံစံတွေဖြစ်ပါတယ်။ ‘၀’ တပ်တွေ မြေပြင်ကနေ ဝေဟင်ပစ်ဒုံးတွေ၊ တင့်ကားတွေ၊ မောင်းသူမဲ့လေယာဉ်တွေ၊ ၁၀၅ မမ ဟောင်ဝစ်ဇာအမြောက်တွေ ပိိုင်ဆိုင်ပါတယ်။ ဒါ့အပြင် ဟာလည်း တီဝိုင် ၉၀ ဝေဟင်ပစ်ဒုံးကျည်တွေ တပ်ဆင်ထားတဲ့ တရုတ်လုပ် ရဟတ်ယာဉ်တွေကို တရုတ်နိုင်ငံကနေ ရထားခဲ့တယ်လို့့ ဂျိမ်းစ်ကာကွယ်ရေးဂျာနယ်က ရေးသားဖူးပါတယ်။ ဒါပေမယ့် ရန်ကုန်က တရုတ်သံရုံးနဲ့ ၀ အဖွဲ့ကတော့ ဒီသတင်းနဲ့ပတ်သက်ပြီး ငြင်းဆန်ပါတယ်။

မစ္စတာရှီ ခရီးစဉ်မတိုင်မီမှာ တရုတ်ရဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်းကို လက်ခံကြိုဆိုပါတယ်လို့ UWSA၊ TNLA နဲ့ AA တို့က ကြေညာကြပါတယ်။ ဒါပေမယ့် KIA ကတော့ ပိုးလမ်းမအကြောင်းထဲ့မပြောဘဲ ပြည်တွင်းလုံခြုံရေးကို အထောက်အကူဖြစ်မယ်လို့ပြောပါတယ်။ ကချင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတွေကတော့ သူတို့ဒေသအသီးသီးက တရုတ်စီမံကိန်းကြီးတွေ ရပ်ပေးဖို့ တောင်းဆိုကြပါတယ်။

တရုတ်သမ္မတရဲ့ မြန်မာနိုင်ငံခရီးစဉ်မတိုင်ခင် တစ်ပတ်အလိုမှာ တရုတ်အထူးသံတမန် မစ္စာတာ ဆွန်းကော်ရှန်းက KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့မှာ KIA နဲ့ AA ခေါင်းဆောင်တွေကို တွေ့ဆုံပြီး မြန်မာပြည်ငြိမ်းချမ်းရေးအတွက် တရုတ်က ကူညီနေကြောင်းနဲ့ နိုင်ငံရေးဆွေးနွေးပွဲနဲ့ ငြိမ်းငြိမ်းချမ်းချမ်းညှိနှိုင်းကြဖို့ တိုက်တွန်းသွားတယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခရဲ့ ပြောကြားချက်ကို အာအက်ဖ်အေက ကိုးကားထားပါတယ်။
တရုတ်သံရဲ့ အမှာစကားကလည်း ထိရောက်မှုရှိပါတယ်။ အဲဒီနောက်ပိုင်းပိုင်းမှာ အရင်က ခပ်စိတ်စိတ်ဖြစ်နေခဲ့ကြတဲ့ AA နဲ ့တပ်မတော်တို့အကြား တိုက်ပွဲက မဖြစ်သလောက် ဖြစ်နေခဲ့ပါတယ်။

အသက် ၆၆ နှစ်ရှိ ရှီကျင့်ဖျင်ဟာ ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်ရဲ့ မာရှယ်စီမံကိန်းနဲ့ ခိုင်းနှိုင်းပြခံရတတ်တဲ့ ခါးပတ်တစ်ကွင်း လမ်းတစ်စင်း One belt One Road Initiative (OBOR) လို့ ခေါ်ဝေါ်ပြီး နောက်ပိုင်းမှာ Belt and Road Initiatives (BRI) လို့ ပြောင်းလဲသုံးနှုးတဲ့ တရုတ်ပြည်နဲ့ အာရှ၊ အာဖရိကနဲ့ ဥရောပနိုင်ငံပေါင်း ၇၀ လောက်ကို ကွန်ယက်ချိတ်ဆက်ပေးမယ့် ကုန်လမ်း၊ ရေလမ်းကြောင်းတွေ မဟာစီမံကိန်းကြီးရဲ့ ဗိသုကာဖြစ်ပါတယ်။ ခေတ်ဟောင်းပိုးလမ်းမကြီးအတိုင်း တရုတ်ပြည်ကို အနောက်ပိုင်းဥရောပနိုင်ငံတွေနဲ့ ကုန်းတွင်းလမ်းကြောင်းနဲ့ ဆက်မှာဖြစ်သလိုအရှေ့ဘက်တရုတ်ကမ်းရိုးတန်းကနေ အိန္ဒိယသမုဒ္ဒရာကိုဖြတ်ပြီး မြေထဲပင်လယ်အထိ ရေလမ်းကနေ ဆက်သွယ်မှာဖြစ်ပါတယ်။ ချမ်းသာဖွံ့ဖြိုးလာမှုကနေ လုပ်အားခမြင့်တက်လာပြီး ထုတ်ကုန်တွေအတွက် စျေးကွက်လိုအပ်ချက်ကိုဖြည့်ဆည်းဖို့၊ တရုတ်ငွေကြေး ယွမ်မင်ဘီကို ကမ္ဘာမှာအသုံးများလာစေဖို့၊ထုတ်ကုန်တိုးမြှင့်မှုကနေ လိုအပ်လာမည့်စွမ်းအင်အတွက် လုံခြုံဖို့ကို ဖော်ဆောင်တဲ့ စိီမံကိန်းကြီးမှာ အခြေခံအဆောက်အအုံလိုအပ်ချက်ကြီးတဲ့ နိုင်ငံတွေမှာ အခြေခံအဆောက်အအုံဆောက်လုပ်ပေးပြီး အသုံးပြုခွင့်ကိုပါယူကာကုန်ကြမ်းတင်သွင်း ကုန်ချောရောင်းချစနစ်ကြီးဆီကို တည်ဆောက်တာဖြစ်ပါတယ်။ တိုးတက်မှုနှုန်းအီလာနေတဲ့ တရုတ်ပြည်ကြီးအတွက် ဒီစီမံကိန်းကြီးက တိုးတက်မှုအရှိန်ပြန်တွန်းတင်မယ့် ဂယ်ပေါက်ကြီးဖြစ်ပါတယ်။ ကမ္ဘာ့အလယ်မှာ  ကွန်မြူနစ်တစ်ပါတီစနစ်နဲ့ အရင်းရှင်စီးပွားရေးနစ်ကို ပေါင်းစပ်ကျင့်သုံးတဲ့ တရုတ်ရဲ့ သြဇာကိုတွန်းထိုးပေးနိုင်စေမှာလည်းဖြစ်တဲ့ ခေတ်သစ်ပိုးလမ်းမရဲ့ အချက်အခြာဖြစ်တဲ့ တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာကိုပေါက်ဖို့ အတိုဆုံးလမ်းက မြန်မာနိုင်ငံကို ဖြတ်သန်းတာပဲဖြစ်ပါတယ်။ အိန္ဒိယသမုဒ္ဒရာထဲမှာ ကြားထောက်စခန်းအဖြစ် သီရိလင်္ကာနိုင်ငံ ဟန်ဘန်တိုတာမှာ ကွန်တိန်နာဆိပ်ကမ်းတည်ဆောက်ပြီးထားပြီးသားဖြစ်ပါတယ်။ လက်ရှိအသုံးပြုနေတဲ့လမ်းကြောင်းကတော့ ဟိုင်နန်ကျွန်းကနေ မာလက္ကာရေလက်ကြားကိုဖြတ်ပြီး အိန္ဒိယသမုဒ္ဒရာထဲဝင်ရောက်တဲ့လမ်းပါ။ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန်ပြီးလို့ရှိရင် ဒုတိယမြောက် နိုင်ငံဖြတ်ကျော် BRI စင်္ကြန်ဖြစ်တဲ့ တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်( CMEC) မှာ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းဟာ သရဖူပဲဖြစ်တယ်လို့ မကြာသေးခင်က ထုတ်ပြန်တဲ့ Trans International Initiatives (TNI) ရဲ့ အစီရင်ခံစာက ရေးသားပါတယ်။

CMEC အောက်မှာ ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေ၊ ရထားလမ်း၊ ကားလမ်း၊ အခြေခံအဆောက်အအုံ၊ အထူးစီးပွားရေးဇုံတွေနဲ့ ရေနက်ဆိပ်ကမ်းတွေ ပါဝင်ပါတယ်။ တရုတ်ရဲ့ မြန်မာနိုင်ငံမှာရင်းနှီးမြုပ်နှံမှုဆိုတာမှာ အစိုးရကကျောထောက်နောက်ခံပေးထားတဲ့ ကုမ္ပဏီကြီးတွေကော ပုဂ္ဂလိက ကုမ္ပဏီကြီးတွေ ပါဝင်ပါတယ်။ ဥပမာ- ကရင်ပြည်နယ်ထဲက ကရင်နယ်ခြားစောင့်တပ်ထိန်းချုပ်ထားတဲ့ဒေသမှာ ရွှေကုက္ကို အထူးစီးပွားရေးဇုန်ဆိုပြီး ဟောင်ကောင်မှာအခြေစိုက်တဲ့ ဂျီလင်ရထိုက် ကုမ္ပဏီက အကောင်အထည်ဖော်နေခဲ့တာဖြစ်ပါတယ်။ ဂျီလင်ရထိုက်ကုမ္ပဏီဟာ မြန်မာနိုင်ငံ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနမှာ မြန်မာရထိုက် အင်တာနေရှင်နယ် ဟိုးဒင်းလ်ကုမ္ပဏီလီမိတက်လို့ မှတ်ပုံတင်ထားပါတယ်။

BRI နဲ့ပတ်သက်ပြီး တရုတ်ဘက်က တွန်းတွန်းတိုက်တိုက်လုပ်နေခဲ့တာ ၂၀၁၃ ခုနှစ်ကတည်းက ဖြစ်ပေမည့် မြန်မာအာဏာပိုင်တွေက သတိထားပြီး တုံ့ပြန်နေခဲ့ရာက ရိုဟင်ဂျာ မူဆလင် ၇၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာရမှုဖြစ်စေခဲ့တဲ့ ရခိုင်မြောက်ပိုင်း အကြပ်အတည်းနောက်ပိုင်း နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပယ်ကြဉ်ခံလာရပြန်တဲ့အခါ မြန်မာအခက် ဘေဂျင်းအချက် ဖြစ်သွားစေပါတယ်။တရုတ်ထီးအောက်က ရုန်းထွက်ဖို့ကြိုးစားချိန် နှစ်အတိုလေးပဲ ရလိုက်ပါတယ်။

တရုတ်စီမံကိန်းကြီးတွေနဲ့ပတ်သက်လို့ မြန်မာလူထုရဲ့ ဒေါသဖြစ်စေခဲ့တာတွေကို အတွေ့အကြုံယူပြီး  တရုတ်ရင်းနှီးမြုပ်နှံသူတွေ၊ ယူနန်အစိုးရနဲ့ တရုတ်ဗဟိုအစိုးရတို့ဟာ BRI နဲ့ ပတ်သက်ပြီး အပေါင်းလက္ခဏာဆောင်တဲ့ေကောင်းကျိုးတွေကို မီးမောင်းထိုးပြောလာကြပြီး လူအများထောက်ခံမှုရအောင် ကြိုးစားလာပါတယ်။ ပြည်သူလူထုအချင်းချင်းဆက်ဆံမှုဆိုတဲ့ စကားလုံးအောက် အစိုးရမဟုတ်တဲ့ တစ်ခြားသောကဏ္ဍကသူတွေနဲ့ ဆက်ဆံရေးထူထောင်ပြီး ကောင်းသတင်းတွေပဲ ဖြန့်ချိနိုင်အောင် ကြိုးစားပါတယ်။ လွှတ်တော်အမတ်တွေ၊ နိုင်ငံရေးပါတီတွေ၊ တက်ကြွလှုတ်ရှားသူတွေ၊ မီဒီယာတွေကို တရုတ်နိုင်ငံအလည်အပတ်ဖိတ်ပြီး စီမံကိန်းကြီးတွေအကြောင်း ရှင်းပြပါတယ်။  ဒါပေမယ့်လည်း မြန်မာပြည်က နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကြုံရတဲ့ တိုးတက်မှုနှောင့်နှေးသလို (CMEC) လည်း ရှောင်လွှဲလို့ မရပါဘူးလို့  TNI က ဆိုပါတယ်။

သမ္မတရှီခရီးစဉ်နဲ့ တရုတ်-မြန်မာ သဘောတူလက်မှတ်ရေးထိုးမှုတွေအပေါ် လေ့လာသူတွေက အကောင်းမြင်ပေမယ့် သာမန်ပြည်သူတွေရဲ့ သဘောထားက စိုးရိမ်စိတ်နဲ့သတိကြီးကြီးထားတယ်ဆိုတာ လူမှုကွန်ယက်စာမျက်နှာမှာပေါ်လွင်ပါတယ်။

အရင်ကကြုံတွေ့ခဲ့ရတဲ့ လက်ပန်တောင်းကြေးနီစီမံကိန်း၊ မြစ်ဆုံဆည်လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းအပါအဝင် တရုတ်နိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှု စီမံကိန်းကြီးတွေကြောင့် ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံဆိုးတွေကပေးလိုက်တဲ့ သင်ခန်းစာတွေကြောင့် ဖြစ်ပါတယ်။

မစ္စတာရှီက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုပြောတဲ့အထဲမှာ တရုတ်က မြန်မာ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို လက်နက်ထောက်ပံ့မှုမလုပ်ပါဘူးလို့ ထဲ့ပြောသွားတဲ့အကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ကြေညာချက်အပေါ် အများက ပျက်ရယ်ပြုကြပါတယ်။

အလားတူပဲ တရုတ်ဘက်ကိုပြန်တိုးဝင်သွားပြီလား၊ သြဇာအလွှမ်းခံရပြီလားဆိုတာကို သတိနဲ့စောင့်ကြည့်နေတာက ဂျပန်နဲ့ အိန္ဒိယတို့ပါပဲ။ ရိုဟင်ဂျာမူဆလင်တွေအပေါ် ဂျီနိုဆိုက်ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်ထက် မြန်မာရဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ စုံစမ်းဖော်ထုတ်မှုကို ဂျပန်က ထောက်ခံထားခဲ့ပါတယ်။

အနောက်နိုင်ငံတွေနဲ့ မူဆလင်ကမ္ဘာက အကျဉ်ခံထားရမယ့်အနေအထားကနေ ဂျပန်က အကာအကွယ်ပေးရင်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ထိစပ်ရင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာလည်း လုပ်ဆောင်ပေးနေသလို အခြေခံအဆောက်အအုံဖွ့ံဖြိုးရေးမှာလည်း လုပ်ကိုင်ပေးနေပါတယ်။ 

အခုသဘောတူလက်မှတ်ရေးထိုးပြီးဖြစ်သွားတဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ အထူးစီးပွားရေးဇုန် (SEZ) နဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေ ၊ စီစဉ်ထားတဲ့ ဆက်သွယ်ရေးအခြေခံအဆောက်အအုံ၊ မြန်နှုန်းမြင့်ရထားနဲ ့ တရုတ်အဖွဲ့အစည်းတွေရဲ့  ဖြန့်ကျက်တဲ့ စင်္ကြန်ဟာဆိုရင် ဘေဂျင်းအတွက် သြဇာလွှမ်းမိုးရာမှာ အရေးပါလှပါတယ်။

သီရိလင်္ကာနိုင်ငံရဲ့ အကြွေးဆိုးအတွေ့အကြုံကို ထောက်ပြပြီး ကျောက်ဖြူစီမံကိန်းအပေါ် မြန်မာက အသည်းအသန်ညှိယူပြီးတဲ့နောက်ပိုင်းမှာ ဆိပ်ကမ်းအတွက် ကုန်ကျစားရိတ်ကို အမေရိကန်ဒေါ်လာ ၇.၂ ဘီလီယံကနေ ဒေါ်လာ ၁.၃ ဘီလီယံ တန်ဖိုးဖြစ်အောင် လျော့ချနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာလည်း စီမံကိန်းပထမအဆင့်ရယ်လို့ဆိုထားပြီး နောက်ထပ်အဆင့်တွေကို နောက်ပိုင်းမှာသဘောတူညီမှုတွေအပေါ် မူတည်ပြီးလုပ်မယ်လို့ ဆိုထားပြန်ပါတယ်။ မြန်မာနို်င်ငံက တစ်ခြားသော တရုတ် စီမံကိန်းတွေလိုပဲ ဒီစီမံကိန်းရဲ့ အသေးစိတ် သဘောတူညီချက်တွေကို အများပြည်သူကို ထုတ်ပြန်ကြေညာတာ တိုရေရှားရေ နိုင်လွန်းလှပါတယ်။

အခုလောလောဆယ်မှာကိုပဲ မြန်မာမှာတင်ရှိနေတဲ့ နိုင်ငံခြားကြွေးမှီရဲ့ ၄၀ ရာခိုင်နှုန်းဖြစ်တဲ့ဒေါ်လာ၄၀ ဘီလီယံကိုတရုတ်ကို ပေးရမှာဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်းမှာတော့ မြန်မာကမ်းလွန်တွင်းတူစင်က ထွက်တဲ့ ဘီလီယံနဲ့ချီတဲ့ သဘာဝဓာတ်ငွေ့ ကုဗမီတာတွေရယ်၊ သန်းနဲ့ချီတဲ့ ရေနံစည်တွေကို မြန်မာပြည်ကိုဖြတ်ကျော်ပြီး တရုတ်ပြည်တောင်ပိုင်းအတွက် ပို့ပေးနေရပါတယ်။

CMEC အောက်မှာ တရုတ်က အဆိုပြုထားပြီး မြန်မာက မူအားဖြင့် သဘောတူထားတဲ့ စီမံကိန်း ကိုးခုရှိတယ်လို့ TNI က ဆိုပါတယ်။ အဲဒီအထဲမှာမှ စီမံကိန်းသုံးခုကို အများပြည်သူကိုပြောထားပါတယ်။ အဲဒါတွေကတော့ ကျောက်ဖြူ SEZ၊ ကချင်နဲ့ ရှမ်းပြည်နယ်ထဲက စီးပွားရေးဇုန် သုံးခုနဲ့ မူဆယ်-မန္တလေး ရထားလမ်းတွေဖြစ်တယ်လို့ ဆိုပါတယ်။

သမ္မတရှိီရဲ့ ခရီးစဉ်ထဲ လက်မှတ်ရေးထိုးတာမှာပါတာကတော့ “ ရွှေလီ-မူဆယ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် မူဘောင်သဘောတူစာချုပ် လုပ်ငန်းများလျင်မြန်တိုးတက်စေရေး နားလည်မှု စာချွန်လွှာ” နဲ့ “ မူဆယ်-မန္တလေး ရထားလမ်း ဖြစ်နိုင်ခြေ လေ့လာမှု အစီရင်ခံစာ လွှဲပြောင်းပေးအပ်ခြင်းစာလွှာ” တို့ ဖြစ်ပါတယ်။

တရုတ်အစိုးရက CMEC ဟာ နှစ်နိုင်ငံလုံးအတွက် အနိုင်ရစေတဲ့အခြေအနေရယ်လို့ ပုံဖော်ထားပေမယ့်  ပွင့်လင်းမြင်သာမှုမရှိ လျှို့ဝှက်ချက်တွေများနေတော့ CMEC ရဲ့ တစ်စုံလုံးနဲ့ သက်ရောက်မှုကို အကဲဖြတ်ဖို့ ခက်လှပါတယ်။

မြန်မာအစိုးရဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့၊ ပြည်ပရင်းနှီးမြုပ်နှံမှုတွေရဖို့၊ နယ်စပ်အရေးနဲ့ မရေရာလှတဲ့ ငြိမ်းချမ်းရေးရဖို့တွေအတွက် အိမ်နီးချင်း တရုတ်ဘက်ကို ပိုနီးကပ်လာစေတာဖြစ်မေယ့် မြန်မာ့အကျိုးစီးပွားအတွက် တရုတ်နဲ့ဆက်ဆံရာမှာ စိန်ခေါ်မှုတွေအတွက်လည်း နိုးထဖို့ လိုပါတယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းဆိုရင် မြေသိမ်းယာသိမ်းဖြစ်ခဲ့တာတွေကြောင့် စီမံကိန်းကိုရပ်တန့်ထားဖို့ ဒေသခံ အရပ်ဖက် လူမှုအဖွဲ့အစည်း ၁၈ ဖွဲ့ပါတဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန် စောင့်ကြည့်ရေးအဖွဲ့က တောင်းဆိုထားပါတယ်။ ဒီစီမံကိနး်ကို ကန့်ကွက်ဆန္ဒပြမှုက ရပ်သွားမည်လည်း မထင်ပါဘူး။ ရခိုင်ပြည်နယ် မဒေးကျွန်းမှာ ဒေသခံတွေက တီရှပ်ကန်ပိန်းလုပ်မယ်လို့ဆိုပါတယ်။

တဘက်မှာလည်း CMEC နဲ့ BRI အတွက် ရည်မှန်းချက်ပြည့်မြောက်အောင် တရုတ်အစိုးရဟာ စိုက်လိုက်မတ်တတ် ကြိုးစားနေမှာဖြစ်ပါတယ်။ ဒီစီမံကိန်းအောက်က မြန်မာ့ပိုင်နက်ဟာ တရုတ်စီးပွားရေးလုပ်ငန်းတွေနဲ့ အခြေချနေထိုင်မှုတွေဖြစ်လာမှာဖြစ်လို့ အချုပ်အခြာအာဏာနဲ့ပတ်သက်တဲ့မေးခွန်းတွေကို ဖြေဖို့ရှိနေပါသေးတယ်။

တရုတ်သမ္မတကြီး ရှီ ရဲ့ မြန်မာခရီးစဉ်ဟာ ဘေဂျင်းအတွက် မဟာဗျူဟာမြောက်အရေးပါတဲ့ ခရီးစဉ်တစ်ခုဖြစ်ပေမည့် မြန်မာအတွက် ရေရှည်မှာ ဘယ်လိုကောင်းကျိုးတွေကို ဖြစ်လာစေမှာလည်းဆိုတာကတော့ မေးခွန်းအဖြစ် ကျန်ရစ်နေဆဲပါပဲ။

Uncertainty hangs over Myitsone dam project as Chinese leader Xi visits          

http://mizzima.com/article/uncertainty-hangs-over-myitsone-dam-project-chinese-leader-xi-visits

Mizzima Weekly