လူပိုမဲစာရင်း ပိုများနေမှု ရွေးကောက်ပွဲ ရလဒ်မှန်ကို ပြောင်းလဲသွားနိုင်ဟု NLD အထူးကြေညာချက်ထုတ်

လူပိုမဲစာရင်း ပိုများနေမှု ရွေးကောက်ပွဲ ရလဒ်မှန်ကို ပြောင်းလဲသွားနိုင်ဟု NLD အထူးကြေညာချက်ထုတ်

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ မဲဆန္ဒရှင်စာရင်း ထုတ်ပြန်မှုတွင် ယခင် အစိုးရလက်ထက် ရာထူူးကြီးများယူခဲ့ပြီး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များတွင် လူပိုစာရင်းများ ပိုမို များပြားနေသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့က အောက်တိုဘာ ၂၇ ရက်တွင် အထူးကြေညာချက် ထုတ်ပြန်သည်။

“မဲစာရင်း ထုတ်ပြန်သည့်အခါတွင် ယခင်က အမှားများကို ပြင်ဆင်မှုအားနည်းသည်သာမက အခြားသော မှားယွင်းမှုများပါလာသည်ကို တွေ့ရှိရသည်။ ထိုအမှားများအနက် ထူးခြားချက်မှာ လူပိုစာရင်းများကို တွေ့ရှိခြင်းဖြစ်သည်။ အထူးသဖြင့် ယခင်အစိုးရလက်ထက် ကြီးမြင့်သော ရာထူး ရှိခဲ့သည် ပုဂ္ဂိုလ်များ ရွေးကောက်ပွဲဝင်မည့် မြို့နယ်များတွင် သိသာစွာ ပိုနေကြာင်း တွေ့ရှိရသည်” ဟု အထူး ကြေညာချက်တွင် ဖေါ်ပြထားသည်။

မြို့နယ်အချို့တွင် လူအမည်စာရင်းအပို ၂၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ပိုများနေသည်ဟုလည်း ဖေါ်ပြသည်။ ထို မဲစာရင်းအပိုများနှင့် ပတ်သက်၍ ကော်မရှင်အသီးသီးသို့ တင်ပြ တောင်းဆိုခဲ့သော်လည်း မည်သို့မျှ မဆောင်ရွက်ပေးဟုလည်း ပါရှိသည်။

ထိုအမှားများကြောင့် “လူပိုများ ပေးသောမဲသည် ရွေးကောက်ပွဲ အနိုင်အရှုံးကို ဆုံးဖြတ်သွားမည်။ မဲမသမာမှုများ ဖြစ်လာနိုင်မည့် အလားအလာများ ဖြစ်သည်” ဟုလည်း ဖေါ်ပြထားသည်။

မဲစာရင်း အပိုနှင့် ပတ်သက်၍ သက်ဆိုင်ရာ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ရုံးများသို့ တင်ပြကြရန်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က သူ၏ ပါတီဝင်များကို တိုက်တွန်းထားသည်။

လူပိုစရင်းနှင့် ပတ်သက်၍ တောင်ဥက္ကလာပ မြို့နယ်တွင် ၉၀,၀၀၀၊ နေပြည်တော် ကောင်စီနယ်မြေတွင် ၆၀,၀၀၀ နှင့် ရှမ်းပြည်နယ် တစ်ပြည်နယ်လုံးတွင် ပထမ အကြိမ် မဲစာရင်း ထုတ်ပြန်စဉ်က မဲဆန္ဒပေးခွင့်ရှိသူ ၂၈ သိန်းကျော် ရှိခဲ့သော်လည်း နောက်ဆုံးအကြိမ် ထုတ်ပြန်မှုတွင် ၃၂ သိန်းကျော် ရှိလာသည်ကို မဇ္ဈိမက လေ့လာတွေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags