ဝူဟန်မြို့က မြန်မာနိုင်ငံသားများကို အမြန်ဆုံး ရွှေ့ပြောင်းပေးရန် လိုအပ်သည်

By အယ်ဒီတာ့အာဘော်
26 January 2020
ဝူဟန်မြို့က မြန်မာနိုင်ငံသားများကို အမြန်ဆုံး ရွှေ့ပြောင်းပေးရန် လိုအပ်သည်

မြန်မာအစိုးရအနေဖြင့် တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ပိတ်မိနေသော မြန်မာနိုင်ငံသားများကို မြို့တွင်းမှ ထွက်ခွာခွင့်ရအောင် တရုတ်အာဏာပိုင်များနှင့် ညှိနှိုင်းပူးပေါင်းလုပ်ဆောင်သင့်သည်။

ကိုရိုနာဗိုင်းရပ်စ်စတင်ပြန့်ပွားရာ ဟူဘိုင်းပြည်နယ်မြို့တော် ဝူဟန်တွင် မြန်မာနိုင်ငံသားဦးရေအနည်းဆုံး ၆၀ ရှိနေပြီး သူတို့ကို တစ်ခြားသော မြို့များသို့ ပြောင်းရွှေ့ပေးခြင်း သို့မဟုတ် လိုအပ်သောကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခြင်းများ လုပ်သင့်သည်။

အာဏာပိုင်များက လူဦးရေ ၁၁ သန်းရှိသော ဝူဟန်မြို့ကြီးကို အထူးခွင့်ပြုချက်မှအပ ဝင်ထွက်ခွင့်ပိတ်ပင်ထားပြီး မြို့ဝင်ထွက်လမ်းမကြီးများအားလုံးတွင် စစ်ဆေးရေးဂိတ်များချထားသည်။ မြို့တွင်းနေသူများသည် ကူးစက်မှုနှင့် ဝင်ထွက်ခွင့်ပိတ်ထားသည့်နောက်ပိုင်း ကုန်ပစ္စည်းများဝယ်ယူသိုလှောင်မှုများ အပြေးအလွှားလုပ်ထားကြရာ ကုန်စျေးနှုန်းမြင့်တက်သွားခဲ့သည်သာမက ကုန်ပြတ်တောက်များပင်ရှိခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ တရုတ်နှစ်ကူးကာလနှင့်လည်း တိုက်ဆိုင်နေချိန်ဖြစ်ပြန်ရာ စက်ရုံ၊ အလုပ်ရုံများနှင့် စျေးဆိုင်အများအပြား  ပိတ်ထားကြသည်။ ထို့အပြင် လျင်မြန်သော ရောဂါကူးစက်မှုက ဆေးရုံကုတင်မလုံလောက်မှု၊ ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းမလုံလောက်မှုများလည်း ကြုံတွေ့နေခဲ့ကြရသည်။

ဝူဟန်အပါအဝင် ဟူဘန်းပြည်နယ်အတွင်းက အခြားသော မြို့ကြီးအချို့တွင်လည်း လေကြောင်း၊ ရထား၊ ဘတ်စ်ကား၊ သင်္ဘော သယ်ယူပို့ဆောင်ရေးများ အားလုံးနီးပါးရပ်ဆိုင်းထားသည်။

ဝူဟန်မြို့တွင် ရောဂါ ကူးစက်ပြန့်ပွားမှုဆက်လက်ဖြစ်ပေါ်နေသည်ဆိုလျှင် အချိန်ကြာမြင့်လာသည်နှင့်အမျှ မြန်မာနိုင်ငံသားများအတွက် သိုလှောင်ထားသော စားနပ်ရိက္ခာလျော့ပါးလာပြီး အခက်ကြုံလာနိုင်ပေသည်။

တရုတ်နိုင်ငံပိုင်မီဒီယာ၏ တနင်္ဂနွေနေ့မနက်ထိထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံတွင် သေဆုံးသူ ၅၆ ဦးအထိရှိသွားပြီဖြစ်သည်ဟုဆိုသည်။ အတည်ပြုနိုင်ထားသည့် ကူးစက်မှုခံရသူပေါင်း တကမ္ဘာလုံးတွင် ၂,၀၀၀ နီးပါး ရှိသည်ဟု ဆိုသည်။

သို့သော် သတိပြုသင့်သည်မှာ ယခု ဗိုင်းရပ်စ်ပိုးကူးစက်မှုနှင့်ပတ်သက်၍ လေ့လာနေသော Imperial College London တက္ကသိုလ်မှ ကူးစက်ရောဂါအထူးကု နေးလ်ဖာဂူဆန်၏အဖွဲ့၏ အစီရင်ခံစာအရ ဇန်နဝါရီ ၁၈ ရက်နေ့တွင် ဝူဟန်မြို့တွင်ပင် ရောဂါကူးစက်ခံရသူ ၄,၀၀၀ အထိပင် ရှိနိုင်ခဲ့သည်ဟုဆိုသည်။ အဆိုပါ သုတေသနအဖွဲ့၏ ထုတ်ပြန်ချက်အရ ဝူဟန်မြို့တွင် 2019-nCoV ဗိုင်းရပ်စ်ကူးစက်မှု ဒီဇင်ဘာလက စတင်ခဲ့ပြီး လာမည့် ဖေဖော်ဝါရီ ၄ ရက်နေ့အရောက်တွင် အခြားမြို့ကြီးများတွင် ကူးစက်မှုအပါအဝင် ရောဂါကူးစက်မှုပေါင်း ၁၉၀,၀၀၀ ဝန်းကျင်အထိ မြင့်တက်သွားနိုင်သည်ဟု ခန့်မှန်းထားသည်။ လိုအပ်သော ထိန်းချုပ်မှုမလုပ်နိုင်လျှင် ရောဂါကူးစက်မှုနှုန်းကလည်း ပျှမ်းမျှအားဖြင့် အခြားသူ ၂.၆ ဦးအထိ ကူးစက်နိုင်သည်ဟု ဆိုသည်။

ဝူဟန်မြို့ကြီးတွင် မြို့ဝင်ထွက်ခွင့် ပိတ်ပင်ထားသော်လည်း ဖျားနာမှုမရှိသော နိုင်ငံခြားသားများကို ထွက်ခွင့်ပြုထားရာ မြန်မာအာဏာပိုင်များအနေဖြင့် ဤအခွင့်အရေးကို အရယူကာ မြန်မာနိုင်ငံသားများ ဘေးကင်းလုံခြုံရေးအတွက် စိတ်ချရအောင် စီမံသင့်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly