အမေရိကန်စစ်သွေးကြွအဖွဲ့ The Base ကို နာဇီလက်သစ် ရီနယ်လ်ဒို နက်ဇာရို ဆိုသူက ရုရှားကနေ ထိန်းချုပ်ညွန်ကြားနေ

အမေရိကန်စစ်သွေးကြွအဖွဲ့ The Base ကို နာဇီလက်သစ် ရီနယ်လ်ဒို နက်ဇာရို ဆိုသူက ရုရှားကနေ ထိန်းချုပ်ညွန်ကြားနေ

ဇန်နဝါရီ ၂၆။         ။ အမေရိကန်တွင် အခြေစိုက်သည့် နာဇီလက်သစ် စစ်သွေးကြွအဖွဲ့ The Base ၏ တည်ထောင်သူသည် အမေရိကန်နိုင်ငံသား ရီနယ်လ်ဒို နက်ဇာရို ဆိုသူဖြစ်ပြီး ၎င်းသည် ယခုအခါ ရုရှားတွင် နေထိုင် လျက် ရှိပြီး အဆိုပါ အဖွဲ့ကိုလည်း ရုရှားနိုင်ငံကနေ လှမ်းပြီး ထိန်းချုပ်ညွန်ကြားလျက် ရှိကြောင်း BBC စုံစမ်းစစ်ဆေးမှုတစ်ရပ်အရ ဖော်ထုတ်သိရှိထားသည်။

အသက် ၄၆ နှစ်ရှိ ရီနယ်လ်ဒို နက်ဇာရိုသည် “Norman Spear” နှင့် “Roman Wolf” ဆိုပြီး နာမည်တု နှစ်မျိုးကိုလည်း အသုံးပြုနေသူဖြစ်ပြီး လွန်ခဲ့သည့် နှစ်နှစ်ခန့်က နယူးယော့ခ်ကနေ စိန့် ပီတာစဘာ့ဂ်သို့ ထွက်ခွာခဲ့သူ ဖြစ်သည်။

The Base အဖွဲ့သည် FBI က အကြမ်းဖက်မှုနှိမ်နင်းရေးပိုင်းနှင့်ပတ်သက်၍ အထူး အာရုံစိုက် စောင့်ကြည့်နေသည့် အဖွဲ့တစ်ခု ဖြစ်သည်။

အဆိုပါ The Base အဖွဲ့၏ အဖွဲ့ဝင်များဟု ယုံကြည်ရသူ ခုနစ်ဦးသည်လည်း ယခုလထဲတွင် လူသတ်ရန် လျှို့ဝှက် ပူးပေါင်းကြံစည်မှု အပါအဝင် ပြစ်မှုအမျိုးမျိုးအတွက် တရားစွဲခံထားရသည်။

FBI က ပြင်ဆင်ထားသော တရားရုံး အချက်အလက်များထဲတွင် The Base အဖွဲ့ကို လူမျိုးရေးဆိုင်ရာ သွေးထိုးလှုံ့ဆော်သည့် ရက်စက်ကြမ်းကြုတ်သော အစွန်းရောက်အဖွဲ့တစ်ခုအဖြစ် ညွန်းဆိုဖော်ပြထားသည်။

အဆိုပါ The Base အဖွဲ့သည် အမေရိကန် အစိုးရ ကျဆုံးရေး ကြိုးပမ်းရန်၊ လူမျိုးရေး စစ်ပွဲတစ်ခု ပေါ်ပေါက်လာစေရေး သွေးထိုးရန်၊ လူဖြူ မျိုးနွယ် နိုင်ငံ ထူထောင်ရန် ရည်ရွယ် အားထုတ်နေသည်ဟုလည်း ဆိုထားသည်။

၂၀၁၈ ခုနှစ် ဇူလိုင်လဝန်းကျင်က စတင်ထူထောင်ခဲ့သော အဆိုပါအဖွဲ့သည် ထူထောင်ပြီးနောက်ပိုင်း အွန်လိုင်းတွင် follower များလည်း ရရှိထားသည်ဟု သိရသည်။ ယင်းအဖွဲ့သည် encrypted message app များ သုံးပြီး ဆက်သွယ်ပြောဆိုပြီး အဖွဲ့ဝင်များကိုလည်း လက်နက်ကိုင် လေ့ကျင့်မှုများတွင် ပါဝင်ကြရန် တိုက်တွန်းနှိုးဆော်ခဲ့သည်ဟု သိရသည်။

ယင်းအဖွဲ့ ခေါင်းဆောင် မည်သူမည်ဝါ ဖြစ်ကြောင်းကို ကာလအတန်ကြာ မသိခဲ့ရဘဲ လျှို့ဝှက်ချက်တစ်ခု ဖြစ်နေခဲ့သည်။

သို့သော် အမေရိကန်နှင့် ရုရှား တို့တွင် ပြီးခဲ့သည့် နှစ်များအတွင်း ရိုက်ယူထားခဲ့တဲ့ နက်ဇာရို၏ ဓာတ်ပုံ၊ ဗီဒီယို များအရ ၎င်းအမျိုးသားသည် နာမည်တု နှစ်ခုအသုံံးပြုလျက် The Base အဖွဲ့၏ ခေါင်းဆောင် ဖြစ်ကြောင်းကို ညွန်ပြနေခဲ့သည်။

၎င်းသည် ယခင်ကာလများက အဖွဲ့ကို အွန်လိုင်းပေါ်တွင် ထောက်ခံမှုများရရှိရေး လှုံ့ဆော်ရာတွင် ၎င်းကိုယ်တိုင်၏ ဓာတ်ပုံများကို အသုံးပြုထားခဲ့သည်။

ယမန်နှစ်က မော်စကိုတွင် ပြုလုပ်သည့် ရုရှားအစိုးရ၏ လုံခြုံရေးဆိုင်ရာ ပြပွဲအခမ်းအနားတစ်ခု ဧည့်သည်များစာရင်းတွင် နက်ဇာရိုလည်း ပါဝင်နေခဲ့သည်။

ယင်းအပြင် ၂၀၁၉ ခုနှစ် မတ်လက အွန်လိုင်းပေါ် ရောက်လာသည့် ဗီဒီယိုတစ်ခုထဲတွင် ရုရှားသမ္မတ ပူတင်၏ ဓာတ်ပုံရိုက်နှိပ်ထားသော တီရှပ်အကျီကို ဝတ်ဆင်ထားသော နက်ဇာရိုကို မြင်တွေ့ခဲ့ရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly