ဝူဟန်ရောက်မြန်မာကျောင်းသားများ မြန်မာနိုင်ငံပြန်ခွင့်ရရေးတောင်းဆိုမှု သံရုံးနှင့် သက်ဆိုင်ရာကျောင်းများညှိနှိုင်းနေ

ဝူဟန်ရောက်မြန်မာကျောင်းသားများ မြန်မာနိုင်ငံပြန်ခွင့်ရရေးတောင်းဆိုမှု သံရုံးနှင့် သက်ဆိုင်ရာကျောင်းများညှိနှိုင်းနေ
ဓာတ်ပုံ - AFP

ရန်ကုန်၊ ဇန်နဝါရီ ၂၅ ။             ။ ကိုရိုနာဗိုင်းရပ်စ် ပြင်းထန်အဆုတ်ရောင်ရောဂါ စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ရှိ မြန်မာကျောင်းသူ/ကျောင်းသားများက မြန်မာနိုင်ငံပြန်ခွင့်ရရေး အပါအဝင်တောင်းဆိုခဲ့သည့်အပေါ် တရုတ်နိုင်ငံရှိ မြန်မာနိုင်ငံသံရုံးနှင့် သက်ဆိုင်ရာကျောင်းများညှိနှိုင်းလျှက်ကြောင်း ဝူဟန်မြို့ Huazhong University မှ ဂုဏ်ထူးတန်းကျောင်းသူ မဝေမာန်ဦးက ပြောသည်။

“သတင်းတွေက တစ်နေ့ထက်တစ်နေ့ကူးစက်တာတွေ ရှိတယ်။ သတင်းတွေဖတ်ပြီး စိုးရိမ်တာတော့ ရှိတာပေါ့။ ဒါပေမယ့် အခုလက်ရှိ ကျွန်မတို့ကျောင်းသားတွေမှာတော့ ရောဂါကူးစက်ခံရတာမရှိဘူး။ ကျန်းကျန်းမာမာပဲ ရှိတယ်။ ဒါပေမယ့် ကူးစက်ခံရမှာတော့ အားလုံးက စိုးရိမ်နေပါတယ်။ သတင်းတွေ သဲ့သဲ့ကြားထဲက အပြင်မထွက်တော့ဘူး။ ဝယ်ထားတာလေးပဲ အခန်းထဲမှာ စားနေရတာပေါ့။ ဒီလိုမျိုးလေး လုပ်ပေးနိုင်ရင် လုပ်ပေးပါဆိုပြီး သံရုံးကို ပြောတဲ့အချိန်မှာ ချက်ချင်းဆက်သွယ်လာပြီး ညီမတို့ကျောင်းက ISO တွေရှိတယ်။ သူတို့ ဖုန်းနံပါတ်တွေ တောင်းသွားပါတယ်။ ချက်ချင်းချိတ်ဆက်ပြီး ဆောင်ရွက်ပေးမယ်ဆိုပြီး ပြောပါတယ်။ ဘယ်လိုကူညီပေးမယ်ဆိုတာတော့ မသိသေးပါဘူး” ဟု ၎င်းက ပြောသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့က စတင်ပြီး ရောဂါစတင်ဖြစ်ပွားရာ ဝူဟန်မြို့က ထွက်ခွာမည့် လေယာဉ်၊ ရထားခရီးစဉ်များကို ရပ်ဆိုင်းလိုက်ကြောင်း တရုတ်အစိုးရက သတင်းထုတ်ပြန်ခဲ့ပြီးနောက် မြို့တွင် ကျန်ရှိနေသော မြန်မာကျောင်းသား၊ ကျောင်းသူအယောက် ၆ဝ က  လက်ရှိတွင် ကျန်းမာရေးအခြေအနေကောင်းမွန်နေသောကြောင့် လိုအပ်သော စစ်ဆေးမှုများခံယူပြီး မြန်မာနိုင်ငံကို ပြန်ခွင့်ရရေးနှင့် လိုအပ်သော စားနပ်ရိက္ခာအကူအညီပေးရေး တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

တရုတ်နှစ်သစ်ကူးကာလဖြစ်သည့်အပြင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူနှင့် သေဆုံးသူအရေအတွက် နေ့စဉ်တိုးလာသောကြောင့် ဝူဟန်မြို့တွင် အိမ်ပြင်ထွက်သွားလာသူနည်းပါးေနပြီး စားနပ်ရိက္ခာအတွက် တစ်နေ့ထက်တစ်နေ့ ပိုခက်ခဲလာကြောင်း မဝေမာန်ဦးက ပြောသည်။

“ဖြစ်နိုင်မယ်ဆိုရင် မြန်မာနိုင်ငံကို ပြန်ချင်တဲ့အနေအထားရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုလက်ရှိမှာ ညီမတို့အနေနဲ့ အကုန်လုံးက ကျန်းမာနေတဲ့ အနေအထားမျိုးမှာဆိုတော့ မြန်မာနိုင်ငံကို ပြန်ဖို့ အဆင်ပြေတဲ့ အနေအထားပေါ့။ အဲ့တာကြောင့် လက်ရှိအဆင်ပြေနေတုန်းမှာ ပြန်ချင်တယ်ဆိုပြီး တောင်းဆိုထားတာပါ။ အဲ့ဒါမဖြစ်နိုင်ခင်မှာဆိုရင်လည်း လက်ရှိအခက်အခဲဖြစ်နေဆုံးက ဒီအစားအသောက်၊ သောက်သုံးရေစတာတွေပေါ့။ နယူးရီးယားပြီးတာကို စောင့်နေတယ်။ အဲ့ကျရင် ဆိုင်တွေ ပြန်ထွက်လာမလားပေါ့” ဟု ၎င်းက ပြောသည်။

မြန်မာကျောင်းသူ/ကျောင်းသားတွေအနေနဲ့ ပြန်လာခွင့်ရမယ်ဆိုရင် ကျန်းမာရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့စစ်ဆေးမှုတွေကို ခံယူပြီးရောဂါကင်းစင်မှ ပြန်လာမှာဖြစ်သလို ပြန်ရောက်လာရင်လည်း မြန်မာနိုင်ငံက ကျန်းမာရေးအဖွဲ့အစည်းတွေရဲ့ စစ်ဆေးမှုတွေကို ခံယူဖို့အသင့်ရှိနေကြာင်း ပြောသည်။

ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် တရုတ်ပြည်မကြီးတွင် ကူးစက်ခံရသူ ၁၃၀၀ ကျော်နှင့် သေဆုံးသူ ၄၁ ဦးအထိ ရှိနေပြီ အခြားပြည်ပနိုင်ငံတွေမှာလည်း ကူးစက်ခံရသူများ ရှိလာသည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ သံသယလူနာမတွေ့ရှိရသေးကြောင်းနှင့် အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင်  thermal scanner များဖြင့် စစ်ဆေးဆောင်ရွက်မှု၊ မြန်မာတရုတ်နယ်စပ်မြို့များတွင် စစ်ဆေးမှုများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေမှုနှင့် တုပ်ကွေးအတွက် တစ်နိုင်ငံလုံးလွှမ်းခြုံဆေးရုံများဖြင့် ဆောင်ရွက်နေကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး  ဒေါက်တာခင်ခင်ကြီးက ပြောထားသည်။

၂ဝ၁၉ခုနှစ် ဒီဇင်ဘာလကုန်တွင် စတင်ဖြစ်ပွားခဲ့သော ယခုရောဂါပိုးသည် ဗိုင်းရပ်စ်ပိုးသစ်ဖြစ်ပြီး  ကိုရိုနာဗိုင်းရပ်စ်မျိုးနွယ်စုမှ မျိုးကွဲဖြစ်ကြောင်း သိရသည်။ သာမန်အအေးမိခြင်းမှ စ၍ ဖျားနာခြင်း၊ အသက်ရှူကျပ်ခြင်းနှင့်  ဆားစ်ရောဂါများ ဖြစ်ပွားနိုင်ပြီး ကျောက်ကပ်ပျက်စီးသေဆုံးနိုင်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly