အီရတ်စစ်အခြေစိုက်စခန်း တိုက်ခိုက်ခံရမှုတွင် အမေရိကန်တပ်သား ၃၄ ဦး ဦးနှောက်ထိခိုက်ဒဏ်ရာရရှိခဲ့

အီရတ်စစ်အခြေစိုက်စခန်း တိုက်ခိုက်ခံရမှုတွင် အမေရိကန်တပ်သား ၃၄ ဦး ဦးနှောက်ထိခိုက်ဒဏ်ရာရရှိခဲ့

ဝါရှင်တန်၊ ဇန်နဝါရီ ၂၅  ။                  ။   အီရတ်ရှိ အမေရိကန်လေတပ်အခြေစိုက်စခန်းများကို လဆန်းပိုင်းက အီရန်တို့က ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် အမေရိကန်တပ်သား ၃၄ ဦးသည် ဦးနှောက်ထိခိုက်ဒဏ်ရာ (TBI) များရရှိခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇန်နဝါရီ ၂၄ က ပြောသည်။

ဦးနှောက်ထိခိုက်ဒဏ်ရာရရှိသူများအနက် ၁၇ ယောက်ကို ဂျာမနီသို့ ပို့ကာ ဆေးကုသမှုခံယူခဲ့ပြီး ၎င်းတို့ထဲမှ ၈ ယောက်မှာ ဇန်နဝါရီ ၂၄ ရက်က အမေရိကန်သို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်သည်။

ထို ၈ ယောက်သည် ဝါရှင်တန်အနီး Walter Reed စစ်ဆေးရုံ သို့မဟုတ် ၎င်းတို့၏အိမ်များ၌ ဆက်လက်ပြီး ဆေးကုသမှု ခံယူရမည်ဖြစ်ကြောင်း ပင်တဂွန်၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဂျိုနသန်ဟော့ဖ်မန်း ကပြောသည်။

အခြား ၁၆  ယောက်ကို အီရတ်၌လည်းကောင်း ၁ ယောက်ကို ကူဝိတ်၌လည်းကောင်း ဆေးကုသုမှုများပြုလုပ်ပေးခဲ့ပြီး ယခုအခါ အီရတ်၌ တာဝန်ပြန်လည်ထမ်းဆောင်နေကြပြီဖြစ်သည်။

ဒဏ်ရာရရှိသူများကို ပင်တဂွန်က မဖြစ်စလောက် ခေါင်းကိုက်သည့်ဝေဒနာပုံစံမျိုး ပြောဆိုနေသော်လည်း ဖလော်ရီဒါအောက်လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဒက်ဘီဝါဆာမန်ရှောက အကြမ်းအားဖြင့် TBI ရောဂါခံစားရဖူးသူ ထက်ဝက်ခန့်သည် ခွဲစိတ်ကုသမှုလိုအပ်ကြောင်း၊ ရာသက်ပန် မသန်မစွမ်းဘဝပင်ဖြစ်သွားနိုင်ကြောင်း ပြောဆိုခဲ့သည်။

“ဦးနှောက်ထိခိုက်ဒဏ်ရာ (TBI) ဆိုတာ ပြင်းထန်တဲ့ လက္ခဏာတစ်ခုပါ၊ ခေါင်းကိုက်တာမျိုးမဟုတ်ပါဘူး၊ သမ္မတ ဒေါ်နယ်ထရမ့်က ဒဏ်ရာကို သေးသိမ်အောင်ပြောဆိုနေတာပါ၊ တပ်သားတွေကို သူ ပြန်တောင်းပန်ရမယ်” ဟု အထက်လွှတ်တော်လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာကော်မတီ အဆင့်မြင့်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ရုဒ်အိုင်းလန်း ဆိနိတ်တာ ဂျက်ရိဒ်က ပြောသည်။

အီရန်သည် ထိပ်တန်း ဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလေမာနီလုပ်ကြံခံရမှုကို လက်စားချေသည့်အနေဖြင့် ဇန်နဝါရီ ၈ ရက်က အီရတ်ရှိ အမေရိကန်လေတပ်အခြေစိုက်စခန်း ၂ ခုကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သည်။ ကနဦးတွင် ၁၁ ဦးသာ ထိခိုက်ဒဏ်ရာရသည်ဟုပြောခဲ့သော်လည်း အမှန်တကယ် ဦးနှောက်ထိခိုက်ဒဏ်ရာ ခံစားရသူ ၃၄ ဦးရှိကြောင်း ပင်တဂွန်က ထုတ်ပြန်လာခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly