ပျံ့နှံ့ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်သစ်က လင်းနို့နှင့် မြွေများမှ ကူးစက်လာဖွယ်ရှိဟု မျိုးဗီဇပညာရှင်များ ပြော

ပျံ့နှံ့ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်သစ်က လင်းနို့နှင့် မြွေများမှ ကူးစက်လာဖွယ်ရှိဟု မျိုးဗီဇပညာရှင်များ ပြော

လက်ရှိတွင် လူပေါင်း ၄၁ ဦး သေဆုံးပြီဖြစ်သည့် တရုတ်နိုင်ငံ၌ စတင်ဖြစ်ပွားသော ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်သည် လင်းနို့နှင့် မြွေများမှ အစပြု ကူးစက်လာဖွယ် ရှိသည်ဟု မျိုးဗီဇပညာရှင်များက ဆိုသည်။

ဝူဟန်မြို့တွင် စတင်ဖြစ်ပွားသော အဆိုပါ ဗိုင်းရပ်စ်ပိုး၏ ဇီဝရုပ်မျိုးဗီဇအစု genome sequence ကို လေ့လာဆန်းစစ်ချက်အပေါ် အခြေခံသည့် သီအိုရီများအား အာဏာပိုင်များက ထုတ်ပြန်ခဲ့ရာ၌ သုတေသနနှစ်ရပ်က ယင်းရောဂါပိုး ဖြစ်ပွားမှုသည် လင်းနို့များမှ စတင်ဖွယ်ရှိသည်ဟု ထောက်ပြထားသည်။

ပေကျင်းရှိ တရုတ်သိပ္ပံအကယ်ဒမီကျောင်းက ရန်ပုံငွေမတည်သည့် Science China Life Sciences ဂျာနယ်၏ အင်္ဂါနေ့က ထုတ်ဝေသော အပတ်စဉ်တွင် ဝူဟန်က ကိုရိုနာဗိုင်းရပ်စ်သည် လင်းနို့များတွင် ရှိသည့် ဗိုင်းရပ်စ်နှင့် အတော်လေး နီးစပ်သည်ကို တွေ့ရှိကြောင်း ဖော်ပြထားသည်။

“ဝူဟန် CoV ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ လင်းနို့တွေမှာ ရှိနေနိုင်တယ်ဆိုတာဟာ ယထာဘူတကျပြီး ကြောင်းကျိုးညီညွတ်တဲ့ တွေ့ရှိချက်ပါပဲ။ လင်းနို့တွေကနေ လူဆီကို ရောဂါကူးစက်ရာမှာ ရောဂါလက်ခံရာ စပ်ကြား ရှိနိုင်ကောင်း ရှိနေနိုင်ပါတယ်။”ဟု အဆိုပါ ဂျာနယ်တွင် ရေးသားဖော်ပြသည်။

ထိုသို့ လင်းနို့မှ တစ်ဆင့် စပ်ကြား ရောဂါလက်ခံရာ တိရစ္ဆာန်မှာ မည်သည့် တိရစ္ဆာန်ဖြစ်နိုင်ကြောင်း ယင်း သုတေသနက ထင်မြင်ချက် မပေးနိုင်ပေမယ့် ဗုဒ္ဓဟူးနေ့က ထုတ်ဝေသော Journal of Medical Virology ဂျာနယ်တွင် ဖော်ပြသော ဒုတိယ သုတေသနပြုချက်၌ မြွေများက စပ်ကြားရောဂါ လက်ခံရာ တိရစ္ဆာန်များ ဖြစ်နိုင်သည်ဟု ဖော်ပြထားသည်။

“ဒီ ပိုးကို လက်ခံရာကို ရှာဖွေနိုင်ဖို့ သုတေသနတွေ ဆောင်ရွက်လျက် ရှိဆဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ သုတေသန ရလဒ်တွေအရတော့ မြွေတွေဟာ ရောဂါလက်ခံရာ အဖြစ်နိုင်ဆုံး တောရိုင်းတိရစ္ဆာန်တွေပဲလို့ ကောက်ချက်ချရပါတယ်။”ဟု အဆိုပါ ဂျာနယ်တွင် ဖော်ပြသည်။

တိရစ္ဆာန်များကို စမ်းသပ်သုတေသနများ ဆက်လက်လုပ်ဆောင်ပြီး နောက်ထပ် တရားဝင်အထောက်အထားအဖြစ် ဆုံးဖြတ်နိုင်ရန် ဆက်လက်သုတေသနများ လုပ်ဆောင်လျက်ရှိသည်ဟုလည်း ဖော်ပြထားသည်။

သို့သော် ယင်းဗိုင်းရပ်စ်သည် တိရစ္ဆာန်မှ လူသို့ မည်သို့ မည်ပုံ ကူးစက်လာနိုင်ဖွယ်ရှိခြင်းကိုမူ သုတေသနနှစ်ရပ်စလုံးက ရှင်းပြနိုင်ခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly