တူရကီတွင် ပြင်းအား ၆ ဒသမ ၈ အဆင့်ရှိငလျင်လှုပ် အနည်းဆုံး ၂၀ ဦးသေဆုံး

တူရကီတွင် ပြင်းအား ၆ ဒသမ ၈ အဆင့်ရှိငလျင်လှုပ် အနည်းဆုံး ၂၀ ဦးသေဆုံး

ဇန်နဝါရီ ၂၅  ။               ။ တူရကီနိုင်ငံအရှေ့ပိုင်း အယ်လာဇစ်ပြည်နယ်ရှိ ဆစ်ဗရစ်မြို့တွင်  ဇန်နဝါရီ ၂၄ ရက်က ပြင်းအား ၆ ဒဿမ ၈ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခုလှုပ်ခတ်ခဲ့မှုကြောင့် အနည်းဆုံး  လူ ၂၀ ဦးသေဆုံးပြီး  ၃၀ ခန့်ပျောက်ဆုံးကာ တစ်ထောင်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သေဆုံးသူများအနက် ၁၃ ဦးမှာ အယ်လာဇစ်ပြည်နယ်မှဖြစ်ပြီး အခြား ၅ ဦးမှာ ကပ်လျက်ရှိ မာလာတီယာပြည်နယ်မှဖြစ်သည်။

ငလျင်သည် ဒေသစံတော်ချိန် ည ၈ နာရီ ၅၅ မိနစ်ခန့်က လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ တူရကီနိုင်ငံသည် အဓိကပြတ်ရွေ့ကြောင်းကြီးပေါ်တွင်တည်ရှိနေပြီး မကြာခဏ ငလျင်ဒဏ်ခံရကြောင်း တူရကီသဘာဝဘေးနှင့်အရေးပေါ်စီမံခန့်ခွဲရေးအေဂျင်စီက ကပြောသည်။

“ငလျင်လှုပ်တာ အရမ်းကို ကြောက်စရာကောင်းပါတယ်၊ ပရိဘောဂပစ္စည်းတွေက ကျွန်တော်တို့အပေါ်ကို ကျလာတာ၊ အိမ်အပြင်ဘက်ကို ပြေးထွက်ခဲ့ကြရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အယ်လာဇစ်မြို့မှ ကီလိုမီတာ ၃၀ အကွာရှိ ရွာတစ်ရွာတွင် ၅ ထပ်အဆောက်အအုံတစ်လုံး ပြိုကျခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့များက ပိတ်မိနေသူများကို ရှာဖွေလျက်ရှိသည်။

အိမ်နီးချင်းနိုင်ငံများဖြစ်သည့်ဆီးရီးယား၊ လက်ဘနွန်နှင့် အီရန်နိုင်ငံတို့လည်း  ငလျင်လှုပ်ခတ်မှုဒဏ်ခံစားခဲ့ရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly