ထောင်တွင်းအစာငတ်ခံ ဆန္ဒပြသည့် ကိုအောင်မှိုင်းဆန်းကို လူ့အခွင့်အရေးကာကွယ်သူများ ဖိုရမ် ထောက်ခံ

ထောင်တွင်းအစာငတ်ခံ ဆန္ဒပြသည့် ကိုအောင်မှိုင်းဆန်းကို လူ့အခွင့်အရေးကာကွယ်သူများ ဖိုရမ် ထောက်ခံ

ရန်ကုန်၊ အောက်တိုဘာ ၂၇ ။ ။ ဖမ်းဆီးခံကျောင်းသားများ အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးရန် သာယာဝတီအကျဉ်းထောင်တွင်း၌ အစာငတ်ခံ ဆန္ဒပြသည့် ကိုအောင်းမှိုင်းဆန်း၏ တောင်ဆိုမှုကို လူ့အခွင့်အရေးကာကွယ်သူများဖိုရမ်မှ ထောက်ခံကြောင်း အောက်တိုဘာ ၂၇ရက်က ထုတ်ပြန်လိုက်သည်။ 

အောက်တိုဘာ ၂၃ရက်မှ စတင်ကာ သာယာဝတီထောင်တွင်း အစာငတ်ခံ ဆန္ဒပြနေသည့် ကိုအောင်မှိုင်းဆန်း၏ ကျန်းမာရေးအခြေအနေအပေါ် လူ့အခွင့်အရေးကာကွယ်သူများဖိုရမ် (HRDF)  အနေဖြင့် စိုးရိမ်ကြောင်း နှင့် ၎င်း၏ တောင်းဆိုမှုအပေါ် အပြည့်အဝ ထောက်ခံကြောင်း ဆိုထားသည်။ 

"HRDF သည် ငြိမ်းချမ်းစွာ လှုပ်ရှားနေသော တက်ကြွလှုပ်ရှားသူများနှင့် လူ့အခွင့်အရေး ကာကွယ်သူများကို နည်းမျိုးစုံဖြင့် ဆက်လက်ဖိနှိပ်ခြင်း၊ အရေးယူဒဏ်ခတ်ခြင်းကို ရှုပ်ချပါသည်။ မြန်မာနိုင်ငံ အစိုးရအနေဖြင့် ကိုအောင်မှိုင်းဆန်းအပါအဝင် နိုင်ငံရေးအကျဉ်းသားများနှင့် ဖမ်းဆီးထိမ်းသိမ်းခံထားရသူများအားလုံးကို ချွင်းချက်မရှိချက်ချင်း လွှတ်ပေးရန်နှင့် မိမိ၏ လူ့အခွင့်အရေးကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် ကျင့်သုံးခြင်းကြောင့် တရားစွဲဆိုခံထားရသူများ၏ အမှုများအားလုံးကို ပယ်ဖျက်ပေးရန် အလေးအနက်တောင်းဆိုပါသည်။"ဟုလည်း ထုတ်ပြန်ထားသည်။ 

ကိုအောင်မှိုင်းဆန်းသည် ပဲခူးတိုင်း လက်ပံတန်းမြို့နယ် ကျောင်းသားသပိတ်ကို မေလ ၁၀ရက်က ရဲတပ်ဖွဲ့က အကြမ်းဖက် နှိမ်နင်းရာတွင် အခြားကျောင်းသားများနှင့်အတူ ဖမ်းဆီခံခဲ့ရခြင်းဖြစ်သည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) နှင့် Amnesty International တို့၏ စာရင်းများအရ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများ (၁၀၀) ခန့် ရှိနေပြီး အမှုရင်ဆိုနေရသူပေါင်း ရာပေါင်းများစွာ ရှိနေသည်။ 

လွန်ခဲ့သော ရက်သက်တစ်ပတ် အနည်းငယ်တွင်လည်း မချောစန္ဒီထွန်း၊ ပက်ထရစ်ခွန်ဂျာလီ၊ ခင်ခင်ကျော်၊ ထင်ဇော်၊ ဇော်လူစိုးတို့မှာ ကာကွယ်ရေးဦးစီးချုပ်ကို ဖေ့စ်ဘုတ်ပေါ်တွင် သရော်၍ ဖမ်းဆီးခံထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly