တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် ခရီးသည်များကို ကျန်းမာရေးကဒ် ဖြည့်မှသာ ဝင်ခွင့်ပေးမည်

တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် ခရီးသည်များကို ကျန်းမာရေးကဒ် ဖြည့်မှသာ ဝင်ခွင့်ပေးမည်
ဓာတ်ပုံ - AFP

နေပြည်တော်၊ ဇန်နဝါရီ ၂၄ ။              ။ တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် ခရီးသည်များကို ကျန်းမာရေးကဒ် (Health Card ) ဖြည့်ခိုင်းပြီးမှသာ မြန်မာနိုင်ငံကို ဝင်ခွင့်ပေးမည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောက်ဂါ တိုက်ဖျက်ရေး ဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောသည်။

ဇန်နဝါရီ ၂၄ ရက်နေ့က နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနတွင် ကျင်းပခဲ့သည့် ဝူဟန်ကော်ရိုနာ ဗိုင်းရပ်စ် ကြိုတင် ကာကွယ်နှိမ်နင်းရေး လုပ်ငန်း ညှိုနှိုင်း အစည်းအဝေးအပြီးတွင် သတင်းထောက်များကို ပြောခဲ့ခြင်းဖြစ်သည်။

“လေယာဉ်ပေါ်မှာ တရုတ်နိုင်ငံက လာတဲ့ခရီးသည်တွေဆိုလို့ရှိရင် ဒီကဒ်ကိုဖြည့်ခိုင်းပါမယ်။ ဝူဟန်မှာနေခဲ့သလား။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ လက္ခဏာတွေ ခံစားနေရသလားပေါ့နော်။ ဒါတွေကို ဖြည့်ခိုင်းမှာဖြစ်ပါတယ်”ဟု၎င်းကပြောသည်။

ယခုကဲ့သို့ ဖြည့်ရန်အတွက် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့်လည်း ဆက်သွယ်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ယခင်က အဆိုပါ ကျန်းမာရေးကဒ်ကို ဖြည့်ခိုင်းခဲ့သော်လည်း ၂၀၁၈ခုနှစ်နောက်ပိုင်းတွင် ဖြည့်ခိုင်းခြင်းမရှိကြောင်း လက်ရှိချိန်ထိ မြန်မာနိုင်ငံတွင် အဆိုပါ ဝူဟန်ကော်ရိုနာ အဆုတ်ရောင်ရောဂါပိုး ကူးစက်သူ မရှိသေးကြောင်းလည်း ဒေါက်တာ ခင်ခင်ကြီးက ရှင်းပြသည်။

လက်ရှိတွင် အဆိုပါ ရောဂါနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတွင် ဖြစ်ပွားသူ မတွေ့ရှိရသေးသော်လည်း ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကုသနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောသည်။

“မတွေ့သော်ငြားလည်း အကုန်လုံးကုသမှုပိုင်းမှာဆို ဝေဘာဂီမှာလုပ်ထားတယ်။ အခန်းတွေရောဘာတွေရော၊ အမျိုးသားဓာတ်ခွဲမှာလည်းအဆင့်သင့်အကုန်လုံးရှိတယ်။ဖြစ်လို့ရှိရင် ကျွန်တော်တို့ကလုပ်လို့မရဘူး။ ထိုင်းနိုင်ငံပို့မယ်။ထိုင်းကပိုက်ဆံတစ်ပြားမှမယူဘူုး။ ပို့ခကိုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပေးမယ်။ အခုထိတစ်ယောက်မှမတွေ့တော့ ပို့စရာလည်းမလိုဘူး။”ဟု ဒေါက်တာမြင့်ထွေးကပြောသည်။

ဇန်နဝါရီ ၂၃ ရက်နေ့က အပြည်ပြည်ဆိုင်ရာကျန်းမာရေးအဖွဲ့အစည်း WHO ၏ သတင်းအရ တစ် မ္ဘာလုံးတွင် အဆိုပါရောဂါဖြစ်ပွားသူ ၅၈၄ ယောက်ရှိပြီး တရုတ်နိုင်ငံတွင် သေဆုံးသူ ၁၇ယောက် ရှိပြီးဖြစ်ကြောင်းနှင့် ရောဂါ ခံစားနေရသူ ၅၇၅ယောက်ရှိကြောင်းသိရသည်။

အဆိုပါဝူဟန် ကော်ရိုနာ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်ကို တရုတ်နိုင်ငံအပြင် ဂျပန်၊ တောင်ကိုးရီးယား၊ ထိုင်းနိုင်ငံ၊ US ၊ဗီယက်နမ်၊ စင်္ကာပူနိုင်ငံများတွင် ဖြစ်ပွားနေကြောင်း WHO၏ ထုတ်ပြန်ချက်အရသိရသည်။

“တချို့တွေကပြောမယ် ။ မီဒီယာတွေမှာဟိုနိုင်ငံမှာလည်းတွေ့တယ်။ ဒီနိုင်ငံမှာလည်းတွေ့တယ်။ အဲ့ဒီလိုမျိုး(Suspect Case) တွေက တခြားနိုင်ငံတွေမှာ ထွက်ပေမယ့်လို့ ကျွန်မတို့က ဒါတွေက Investigation (စုံစမ်းစစ်ဆေးရေး) ထပ်လုပ်ဖို့ လိုပါသေးတယ်။ အတည်မဖြစ်သေးပါဘူး”ဟု ဒေါက်တာခင်ခင်ကြီးကပြောသည်။

အဆိုပါရောဂါကို ကာကွယ်ရန်အတွက် ချောင်းဆိုးနှာချေရာတွင် အုပ်ခြင်း၊ မိမိလက်ကို မကြာခဏဆေးကြောခြင်း၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာ ရှိသူများနှင့်ရှောင်ကြဉ်ခြင်း၊ လူစည်ကား နေရာများကို ရှောင်ကြဉ်ရမည်ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly