လိုင်းကား အခက်အခဲကြောင့် ဒဂုံတက္ကသိုလ်ကျောင်းသား/သူများ လမ်းလျှောက် ကျောင်းတက်နေရဟုဆို

လိုင်းကား အခက်အခဲကြောင့် ဒဂုံတက္ကသိုလ်ကျောင်းသား/သူများ လမ်းလျှောက် ကျောင်းတက်နေရဟုဆို

ရန်ကုန်၊ဇန်နဝါရီ ၂၄ ။      ။ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံတောင်ပိုင်းကနေ ဒဂုံတက္ကသိုလ်ကို တိုက်ရိုက်ပြေးဆွဲပေးနေသည့် လိုင်းကား မရှိသည့်အတွက် ကျောင်းသား ၃၀ ခန့်သည် တံတားဖြူမှတ်တိုင်မှ ဒဂုံတက္ကသိုလ်အထိ လမ်းလျှောက် ကျောင်းတက်သည့် လှုပ်ရှားမှုကို ဇန်နဝါရီ ၂၃ ရက်နေ့က စတင်ခဲ့သည်။

ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ဦးဆောင်ပြီး ၄ မိုင်ခန့် အကွာအဝေးကို ၂ နာရီကြာ လမ်းလျှောက် ကျောင်းတက်ခဲ့သည်မှာ ယခု နှစ်ရက်မြောက်နေ့ ရှိပြီ ဖြစ်သည်။
ကျောင်းသား/သူများက ဆန္ဒပြခြင်း မဟုတ်ဘဲ တောင်ဒဂုံကနေ တက်ရောက်သည့် ကျောင်းသားများ၏ ယာဉ်လိုင်း အဆင်မပြေမှုကို တာဝန်ရှိသူများ သတိထားမိအောင် ယခုလို လုပ်ခြင်းဖြစ်ကြောင်း ပြောကြသည်။

ဒီလှုပ်ရှားမှုတွင် ဒဂုံတောင်ပိုင်းက တက်ရောက်သည့် ရှေးဟောင်း သုတေသနမေဂျာမှ တတိယနှစ် ကျောင်း သား မောင်သူထူးပိုင်က “နှစ်ဆင့်စီးရတာ ပြသာနာမဟုတ်ဘူး တံတားဖြူ မှတ်တိုင်ကနေ ပြောင်းစီးရတဲ့အခါ  ရောက်တဲ့ ကားတွေက ၂၄ ရယ်၊ ၂၅ ရယ်၊ ၆၂ ရယ် ရောက်တယ်။ ဒါပေမယ့် အဲ့ဒီ ကားတွေက ဘိုကလေး ဈေးတို့ တခြား ဘက်တွေကနေ လာတဲ့အခါ ဈေးသည်တွေနဲ့ တခြားခရီးသည်တွေနဲ့ပြည့်နေပြီ မရပ်ပေးတာ မျိုးတွေရှိတယ်။ စီးရတဲ့ အခါဆိုလည်း ချောင်ချောင်ချိချိ စီးရတာမဟုတ်ဘူး”ဟု ပြောသည်။

တောင်ဒဂုံမှ တိုက်ရိုက် ကားလိုင်း မရှိသောကြာင့် တံတားဖြူ မှတ်တိုင်တွင် ကျောင်းသားများက တဆင့်ပြောင်း စီးရကြောင်း၊ တဆင့် ပြောင်းစီးရာတွင် ရရာကားကို စီးရသည့်အတွက် ကားကြပ်သည့် အခြေအနေကြောင့် ခါးပိုက်နှိုက်ခံရကြောင်း၊ ကျောင်းသူများ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခြင်း ကြုံတွေ့ရကြောင်း ဒဂုံတက္ကသိုလ် အမျိုးသမီးရေးရာ တာဝန်ခံ မကောင်းရွှေစင်ထွဋ်က ပြောသည်။

“အဓိက ဒါတွေဖြစ်တာက ကားကြပ်ရတဲ့ အကြောင်းရင်းပဲ၊ သက်ဆိုင်ရာဘက်က ရေရှည် အဆင်ပြေမယ့် နည်းလမ်းမျိုး စဉ်းစားသင့်တယ်။ ကားချောင်ရင်တော့ ဖြစ်တဲ့ ရာခိုင်နှုန်းနည်းမယ်၊ ကားက ကြပ်နေတဲ့အတွက် ပြန်ပြီး တုံ့ပြန်တဲ့ အခါလည်း ကျူးလွန်ခံရဖို့ ပိုများတယ်”ဟု ၎င်းက ဆိုသည်။

တောင်ဒဂုံမှ ဒဂုံတက္ကသိုလ်သို့ ပုံမှန် ပြေးဆွဲပေးမည့် ယာဉ်လိုင်းသစ် တစ်ခုကို သတ်မှတ်ပေးရန် ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)နှင့် ၂၀၁၇ ခုနှစ် ကတည်းက ကျောင်းသားများ တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း ပြေလည်မှု မရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် နောက် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်မှာ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက YRTA ကို သတိပေးစာ တင်ခဲ့ရာ ယခုအချိန်ထိ တာဝန်ယူ ဖြေရှင်းပေးမှု မရှိသေးကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသား သမဂ္ဂထံမှ သိရသည်။

ယာဉ်လမ်းကြောင်း ပြေးဆွဲရန် ကျောင်းသားများဘက်က တင်ပြထားသည့် ယာဉ်လိုင်းသည် YRTA က သတ်မှတ်ထားသော အများပိုင် ယာဉ်စနစ်မဟုတ်ဘဲ ပုဂ္ဂလိကပိုင် ယာဉ်လိုင်း ဖြစ်နေခြင်းကြောင့် ယာဉ်လိုင်း သစ် အကောင်အထည်ဖော်ရာမှာ ကြန့်ကြာနေခြင်း ဖြစ်သည်ဟု ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့က ပြုလုပ်သည့် YRTA သတင်းစာရှင်းလင်းပွဲတွင် တွဲဖက် အတွင်းရေးမှူး ဦးလှအောင်က ပြောထားသည်။

“ GYCT ကုမ္ပဏီကနေ ကား ၃၅ စီးနဲ့ တင်တယ်၊ ဒါပေမယ့် ပုဂ္ဂလိပိုင် ယာဉ်တွေဖြစ်နေတယ် ကျွန်တော်တို့ YRTA က အများပိုင်စနစ်ကို သွားနေတဲ့အခါကျတော့ ကုမ္ပဏီဘက်ကိုလည်း ပြန်ပြောပါတယ်။ အများပိုင်ဖြစ် ရင် ကျွန်တော်တို့ စဉ်းစားပါမယ်၊ အကယ်လို့ မဆွဲနိုင်ဘူးဆိုရင် တခြား ယာဉ်လိုင်းတွေကို ဖိတ်ခေါ်ပြီး ကျောင်းသားလေးတွေကို ပို့ဆောင်ပေးချင်ပါတယ်”ဟု ၎င်းက ပြောသည်။

၂၀၁၉ ခုနှစ် စာမေးပွဲရာသီက ယာဉ်လိုင်း အခက်အခဲကြောင့် ဒဂုံဆိပ်ကမ်း၊ ဒဂုံတောင်ပိုင်းမြို့နယ်မှာ စုရပ် (၆)ခု ပြုလုပ်ပြီး YBS ယာဉ်လိုင်း နံပါတ်(၆)မှ ဘတ်စ်ကားများနှင့် ကျောင်း အကြို/အပို့ လုပ်ပေးခဲ့ရကြောင်း သိရသည်။

ဒဂုံတက္ကသိုလ်တွင် အဝေးသင်နှင့် နေ့တက် ကျောင်းသားအဖြစ် တက်ရောက်နေသည့် ကျောင်းသား/ကျောင်း သူ စုစုပေါင်း ၇ သောင်းကျော် ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly