YBS 4 တွင် ဖြစ်ပွားခဲ့သည့် အဓမ္မပြုကျင့်မှုတွင် စွပ်စွဲခံရသူမှာ YBS 4 ယာဉ်မောင်းမဟုတ်ဟုဆို

YBS 4 တွင် ဖြစ်ပွားခဲ့သည့် အဓမ္မပြုကျင့်မှုတွင် စွပ်စွဲခံရသူမှာ YBS 4 ယာဉ်မောင်းမဟုတ်ဟုဆို

ရန်ကုန်   ဇန်နဝါရီ ၂၄ရက်  ။             ။ YBS နံပါတ်လေး ယာဉ်လိုင်းက ယာဉ်တစ်ခုပေါ်မှာ ဇန်နဝါရီ - ၁၄ ရက်နေ့ နံနက်(၇)နာရီဝန်းကျင်လောက်က အမျိုးသမီးငယ်တစ်ဦးအား အဓမ္မပြုကျင့်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အဓမ္မပြုကျင့်သူမှာ YBS နံပါတ်လေး ယာဉ်လိုင်းမှ ယာဉ်မောင်းမဟုတ်ကြောင်း သိရသည်။

စွပ်စွဲခံရသူဟာ အခင်းဖြစ်ပွားရာ ယာဉ်မှ ယာဉ်မောင်း၏ အသိမိတ်ဆွေသာဖြစ်ကြောင်း ယနေ့ (ဇန်နဝါရီ၂၄ရက်နေ့)ပြုလုပ်တဲ့ YBSယာဉ်မောင်းများ၏သတင်းစာရှင်းလင်းပွဲမှသိရသည်။
အဓမ္မကျူးလွန်မှုဖြစ်ပေါ်ခဲ့တဲ့ မော်တော်ယာဉ်ရဲ့မူလယာဉ်မောင်းဖြစ်သူ ကိုမင်းသူဟာ အရေးပေါ်ကိစ္စတစ်ခုပေါ်လာတာကြောင့် သိမ်ချောင်းလမ်းဆုံမှတ်တိုင်အရောက်တွင် ကားပေါ်မှ လိုက်ပါလာတဲ့  ယခုစွပ်စွဲခံထားရသူကိုပြုံးကိုကိုအား ဂိတ်သို့အစားထိုးမောင်းနှင်စေခဲ့ရာမှ အခုလိုဖြစ်ရပ်မျိး ဖြစ်လာခဲ့တာပါ။

ယာဉ်မောင်းကိုမင်းသူက“ဒီလိုမျိုးတော့မရှိဘူးဗျ ၊တစ်ခါမှအဲ့လိုမျိုးလဲမဖြစ်ခဲ့ဖူးဘူး။မဖြစ်ခဲ့ဖူးလို့လဲ ဒီလိုမျိုးဘော်ဒါစိတ်နဲ့အကူအညီတောင်းမိလိုက်တာ ကျွန်တော့အခက်အခဲကြောင့် အကူအညီတောင်းလိုက်တာ”ဟုပြောသည်။

အခင်းဖြစ်ပွားရာ ယာဉ်ရဲ့ ယာဉ်မောင်းဖြစ်သူ ကိုမင်းသူကို YUPTရုံးချုပ်က ပြစ်ဒဏ်အနေနဲ့ ယာဉ်မောင်းခွင့် တစ်လပိတ်ထားကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးနှင့်ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ တွဲဖက်အတွင်းရေးမှုး ဦးလှအောင်က“အရေးယူမှုကိုသူတို့ယာဉ်လိုင်းကတင်ပြထားတယ်၊အဲ့ဒီဟာသည်သူတို့ပြစ်ဒဏ်က အကြမ်းဖျင်းကျွန်တော်တို့ကိုတင်တာ တစ်လတို့သုံးလတို့ဖြစ်နေတယ်။ဒီအပေါ်မှာကျွန်တော်တို့ ပြန်သုံးသပ်ပါမယ်။ကျူးလွန်မှုနဲ့မမျှတရင်ကျွန်တော်တို့YRTA ကထပ်အရေးယူသွားမယ်”ဟုပြောသည်။
အခင်းဖြစ်ပွားခဲ့တဲ့ YBS 4ယာဉ်ဟာ YUPT ကုမ္ပဏီမှာ ပါဝင်ပြေးဆွဲနေတဲ့ ပုဂ္ဂလိကပိုင် ယာဉ်တစ်ခုဖြစ်ပြီး CCTVမှတ်တမ်းကို ရဲက တောင်းယူတဲ့အခါမှာ သက်ဆိုင်ရာ ကုမ္ပဏီရဲ့တင်ပြချက်အရ CCTV မှတ်တမ်း RECORD လုပ်တဲ့ဟာ ပျက်နေတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးနှင့် ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTAမှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ယာဉ်လိုင်းကုမ္ပဏီကို စီစစ်နေကြောင်းသိရသည်။

စွပ်စွဲခံရသူကိုပြုံးကိုကို ကိုတော့ ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ - ၃၇၆နဲ့ အမှုဖွင့်ဖမ်းဆီးထားကြောင်း သိရသည်။

အခုလိုဖြစ်ရပ်ဖြစ်ပွားပြီးတဲ့နောက်မှာတော့ ခရီးသွားပြည်သူတွေရဲ့ လုံခြုံမှုနဲ့ပတ်သက်လို့ YBS ယာဉ်လိုင်းတွေအပေါ် ပြစ်တင်ဝေဖန်မှုများရှိနေကြောင်းသိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly