ထရမ့်လုပ်ရပ်များ ဥပဒေနှင့်ဆန့်ကျင်ကြောင်း အောက်လွှတ်တော်အမတ်များက ပြစ်တင်ဝေဖန်

ထရမ့်လုပ်ရပ်များ ဥပဒေနှင့်ဆန့်ကျင်ကြောင်း အောက်လွှတ်တော်အမတ်များက ပြစ်တင်ဝေဖန်

ဝါရှင်တန်၊ ဇန်နဝါရီ ၂၄။        ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တရားစွဲနိုင်ရေးအတွက်  အထက်လွှတ်တော်တွင်  ဇန်နဝါရီ ၂၁ ရက်က စတင်ကာ ကြားနာစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ထရမ့်၏ လုပ်ရပ်များသည် ဥပဒေနှင့်ဆန့်ကျင်ကြောင်း၊ နိုင်ငံရေး အကျိုးအမြတ်ရရန် ကြောက်ဖွယ်လိလိ ၎င်း၏အာဏာကို အလွှဲသုံးစား လုပ်နေကြောင်း ဒီမိုကရက် အမတ်များက ပြစ်တင်ဝေဖန် လိုက်သည်။

ကြားနာစစ်ဆေးမှုတွင် အထက်လွှတ်တော်အမတ် (၁၀၀)က ဂျူရီအဖွဲ့ဝင်များအဖြစ် ဆောင်ရွက်ခဲ့ကြပြီး အာဏာ အလွှဲသုံးစား လုပ်မှုသည် စွဲချက်တင်နိုင်သော ပြစ်မှုဖြစ်ကြောင်း သမ္မတကို ခုခံကာကွယ်ပေးနေသူ နှစ်ယောက် က ပြောထားသည့် ဗွီဒီယိုဖိုင်ကို အောက်လွှတ်တော် တရားလိုများက သက်သေအဖြစ် ဇန်နဝါရီ ၂၃ ရက်က ဖွင့်ပြခဲ့ကြသည်။

ဒေါ်နယ်ထရမ့်သည် ၎င်း၏ ကိုယ်ကျိုးအတွက် အမေရိကန် ရွေးကောက်ပွဲတွင် ပြည်ပနိုင်ငံ တစ်နိုင်ငံကို ဝင်ရောက် စွက်ဖက်စေခဲ့ကာ  အာဏာအလွှဲသုံးစား လုပ်ခဲ့ကြောင်း၊ ၁၇၈၉ ခုနှစ် ဂျော့ရှ်ဝါရှင်တန် သမ္မတ တာဝန်ယူ ပြီးသည့် နောက်ပိုင်း မည်သည့်သမ္မတမှ ယခုလို ပုံစံမျိုးဖြင့် အာဏာအလွဲသုံးစား လုပ်ခဲ့ခြင်းမျိုး မရှိကြောင်း၊ ထရမ့်သည် ကျမ်းကျိန်ချက်ကို မျက်နှာပြောင်ပြောင်နှင့် အကြိမ်ကြိမ်အခါခါ ချိုးဖောက်ကြောင်း၊ ၎င်း၏ လုပ်ရပ် များသည် မှားယွင်းပြီး တရားမဝင်သည့်အပြင် အန္တရာယ်လည်းများကြောင်း အောက်လွှတ်တော် တရားစီရင်ရေးကော်မတီဥက္ကဋ္ဌ ဂျယ်ရီနက်ဒလာက တရားခွင်၌ ပြောခဲ့သည်။

အထက်လွှတ်တော်တွင် ရီပတ်ဘလစ်ကန်အမတ် ၅၃ ယောက်၊ ဒီမိုကရက်တစ်အမတ် ၄၇ ယောက်ရှိပြီး သမ္မတကို ရာထူးက ဖယ်ရှားရန် အမတ်အရေအတွက် သုံးပုံနှစ်ပုံ၏ ထောက်ခံမှုလိုအပ်သည်။

 သမ္မတ ဒေါ်နယ်ထရမ့်သည် အာဏာ အလွဲသုံးစား လုပ်မှု၊ လွှတ်တော် ကိစ္စရပ်များ ဟန့်တား နှောင့်ယှက်မှု စွဲချက် နှစ်ခုကို ရင်ဆိုင်နေရခြင်း ဖြစ်သည်။

ကြားနာ စစ်ဆေးမှုတွင် အောက်လွှတ်တော် တရားလိုများက စွပ်စွဲချက် သက်သေများကို သုံးရက်ကြာ တင်ပြ သွားမှာဖြစ်ပြီး အထက်လွှတ်တော်ကလည်း သုံးရက်ကြာ ပြန်လည် ချေပသွားမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly