အီရတ်၌ ဒုတိယမြောက်ည ဆူပူမှုများအတွင်း ဆန္ဒပြသူတစ်ဦး ပစ်သတ်ခံရပြန်

အီရတ်၌ ဒုတိယမြောက်ည ဆူပူမှုများအတွင်း ဆန္ဒပြသူတစ်ဦး ပစ်သတ်ခံရပြန်

ဇန်နဝါရီ ၂၄။              ။ အီရတ်နိုင်ငံ တောင်ပိုင်း ဘာစရာမြို့မဝွင် ဆန္ဒပြသူတစ်ဦး ပစ်သတ်ခံရကြောင်း လုံခြုံရေးသတင်းရင်းမြစ်တစ်ရပ်နှင့် လူအခွင့်အရေးကော်မရှင်တို့က ဇန်နဝါရီ ၂၃ ရက်၌ ပြောရာ ဆန္ဒပြသူများ သေဆုံးမှုတွင် နောက်တိုးထပ်သေဆုံးခြင်းပင် ဖြစ်သည်။

အီရတ်မြို့တော် ဘဂ္ဂဒက်နှင့် ရှီယိုက်အများစု တောင်ပိုင်းမြို့များတွင် အောက်တိုဘာလကစတင်ပြီး အစိုးရဆန့်ကျင်သော ဆန္ဒပြမှုများ ဖြစ်ပွားပေါ်ပေါက်နေခြင်းဖြစ်သည်။ သို့သော်လည်း အီရတ်၏ အဓိက မဟာမိတ် အမေရိ ကန်နှင့် အီရန်တို့အကြား တင်းမာမှုများ အရှိန်မြင့်တက်လာခြင်းကြောင့် မကြာသေးခင် သီတင်းပတ်များအတွင်း အီရတ်ဆန္ဒပြမှုများက အရှိန်လျော့ကျသွားခဲ့ရသည်။

ဆန္ဒပြပွဲအရှိန်ကို ပြန်မြှင့်တင်ရန်နှင့် အာဏာပိုင်များကို ဖိအားတိုးမြှင့်ပေးရန် ယခု သီတင်းပတ်မှ စတင်ပြီး ဆန္ဒပြသူများသည် နိုင်ငံတစ်ဝန်းက လမ်းများကို ပိတ်ဆို့လာကြရာ ၎င်းတို့အပေါ် အကြမ်းဖက်နှိမ်နင်းခြင်းများ လည်း အရှိန်မြင့်တက်လာခဲ့သည်။

ဆာစရာမြို့ရှိ သပိတ်စခန်းမှာ ထွက်ခွာသွားသည့် လူငယ်ဆန္ဒပြသူတစ်ဦးကို အမည်မသိ လုပ်ကြံသတ်ဖြတ်သူက ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု လုံခြုံရေးသတင်းရင်းမြစ်တစ်ရပ်က ပြောသည်။

၎င်း၏ ကိုယ်ပေါ်တွင် မှတ်တမ်းအထောက်အထား တစ်စုံတစ်ရာ မပါရှိ၍ ရဲက မည်သူမည်ဝါဖြစ်ကြောင်း သိနိုင်သူကို ရှာဖွေစောင့်ဆိုင်းနေသည်။ ၎င်း သေဆုံးမှုကြောင့် ယခုသီတင်းပတ်အတွင်း ဆန္ဒပြသူများ သတ်ဖြတ်ခံ ရမှုသည် ၁၂ ဦိးအထိ ရှိသွားပြီဖြစ်ကြောင်း ဆူပူဆန္ဒပြမှုများကို အစီရင်ခံရသည့် နိုင်ငံတော်က ရန်ပုံငွေမတည်သော စောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် အီရတ်လူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်သည်။

ဆန္ဒပြသူများသည် မဲပေးဥပဒေသစ်အရ ရွေးကောက်ပွဲ စောလျင်စွာ ကျင်းပရန်၊ လက်ရှိ ရာထူးစွန့်ထားပြီဖြစ်သော ဝန်ကြီးချုပ် အယ်ဒဲလ်အက်ဘ်ဒဲလ်မတ်ဒီ နေရာတွင် လွတ်လပ်သော ဝန်ကြီးချုပ် အစားထိုးရန်နှင့် အကျင့် ပျက်ခြစားသည့် တာဝန်ရှိသူအားလုံးကို အရေးယူရန်စသည်တို့ကို တောင်းဆိုဆန္ဒပြကြခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly