ရှမ်းပြည်နယ် လေးမြို့နယ်တွင် ရွေးကောက်ပွဲ မလုပ်နိုင်ကြောင်း ထပ်မံကြေညာ

ရှမ်းပြည်နယ် လေးမြို့နယ်တွင် ရွေးကောက်ပွဲ မလုပ်နိုင်ကြောင်း ထပ်မံကြေညာ

ရှမ်းပြည်နယ် မိုင်းရှုးမြို့နယ်၊ ကျေးသီးမြို့နယ်တစ်ခုလုံးနှင့် တန့်ယန်းမြို့နယ်၊ ဟိုပင်မြို့နယ်ရှိ ကျေးရွာနှင့် ရပ်ကွက်များတွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည်မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အောင်တိုဘာ ၂၇ ရက်တွင် ထပ်မံထုတ်ပြန်သည်။

မိုင်းရှုးမြို့နယ်၊ ကျေးသီးမြို့နယ်တစ်ခုလုံးနှင် တန့်ယန်းမြို့နယ်အတွင်း ကျေးရွာအုပ်စု ရှစ်စု၊ ဟိုပန်မြို့နယ်အတွင်းရှိ ရပ်ကွက် ငါးရပ်ကွက်နှင့် ကျေးရွာအုပ်စု ၃၇ စုတွင် မကျင်းပနိုင်ဟု ဆိုသည်။ အကြောင်းပြချက်အဖြစ် “လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမရှိသဖြင့်” ဟု ကော်မရှင်၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ရွေးကောက်ပွဲ ကော်မရှင်သည် အောက်တိုဘာ ၁၂ ရက်ကလည်း ရှမ်းပြည်နယ် အတွင်းရှိ မဲဆန္ဒနယ်အချို့တွင် ရွေးကောက်ပွဲ မလုပ်နိုင်ကြောင်း ကြေညာခဲ့ပြီးဖြစ်သည်။

ထိုကြေညာချက်တွင် ပန်ဆန်း၊ ပန်ဝိုင်၊ မိုင်းမော၊ နားဖန်း၊ မိုင်းလား မြို့နယ်တစ်ခုလုံးတို့အပြင် မူဆယ်မြို့နယ်တွင်းရှိ ကျေးရွာအုပ်စု လေးစု၊ ကုန်းကြမ်းမြို့နယ်တွင်းရှိ ကျေးရွာအုပ်စု နှစ်စု၊ မန်တုံမြို့နယ်တွင်းရှိ အုပ်စု နှစ်စု၊ မိုင်းခတ် မြို့နယ်အတွင်းရှိ အုပ်စု လေးစု၊ မိုင်းယန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း ၁၅စု၊ မိုင်းယောင်းမြို့နယ်တွင် ရှစ်စု၊ မိုင်းတုန်မြို့နယ်တွင် လေးစု၊ မက်မန်းမြို့နယ်ရှိ ကျေးရွာအုပ်စု ၁၇ စုတို့တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ဟု ကြေညာခဲ့သေးသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ကချင်ပြည်နယ် မချမ်းဘောမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၅စု၊ ဆွယ်ပရာဘွမ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၃၁ စု၊ ခေါင်လန်ဖူး မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု သုံးစု၊ ဝိုင်းမော် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၆စု၊ ချီဖွေမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ကိုးစု၊ ဆော့လော် မြို့နယ်အတွင်း ကျေးရွာအုပ်စုပေါင်း ရှစ်စု၊ အင်ဂျန်းယန် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း ၆၁ စု၊ တနိုင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ကိုးစု၊ မိုးမောက်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၂၇ စု၊ မံစီ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၂၃ စု ရွှေကူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၀ စုတို့တွင် ရွေးကောက်ပွဲ မလုပ်နိုင်ကြောင်း အောက်တိုဘာ ၁၂ ရက်က ထုတ်ပြန်ခဲ့သေးသည်။

အလားတူ ကရင်ပြည်နယ် ဘားအံမြို့နယ်တွင်းရှိ ကျေးရွာအုပ်စု တစ်စု၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ရှစ်စု၊ သံတောင်ကြီး မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ကိုးစု၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၇ စု၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၃၈ အုပ်စု၊ မြဝတီမြို့နယ်တွင် ခြောက်အုပ်စု၊ ဖာပွန်မြို့နယ်တွင် ၂၅ အုပ်စုတို့တွင်လည်း ရွေးကောက်ပွဲ မကျင်းပနိုင်ဟု ကြေညာခဲ့သည်။

ပဲခူးတိုင်းအတွင်း ကျောက်ကြီးမြို့နယ်တွင် ကျေးရွာအုပ်စု ၁၂ အုပ်စု၊ ရွှေကျင်မြို့နယ်တွင် ၂၉ အုပ်စု တို့တွင် မကျင်းပနိုင်ကြောင်း အောက်တိုဘာ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းရှိ ဘောနောခီး ကျေးရွာအုပ်စုတွင်လည်း ရွေးကောက်ပွဲ မလုပ်နိုင်ဟု ကြေညာခဲ့ပြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags