ပြည်သူ့လုံခြုံရေးကို ထိခိုက်စေသည့် မည်သည့်အဖွဲ့ကိုမှ လွှတ်ထားမည်မဟုတ်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြော

ပြည်သူ့လုံခြုံရေးကို ထိခိုက်စေသည့် မည်သည့်အဖွဲ့ကိုမှ လွှတ်ထားမည်မဟုတ်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြော
ဓာတ်ပုံ - သူရ(မဇ္ဈိမ)

တမူး၊ ဇန်နဝါရီ ၂၃ ရက်။            ။ ပြည်သူလူထု၏ လုံခြုံရေးကိုထိပါးလာသည့် မည်သည့်အဖွဲ့ကိုမှ လွှတ်ထားမည်မဟုတ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

ဇန်နဝါရီ ၂၃ ရက်နေ့ မြန်မာ- အိန္ဒိယ နယ်စပ်အနီး တမူးမြို့တွင် ပြုလုပ်ခဲ့သည့် လူထုတွေ့ဆုံပွဲတွင် အတိုင်ပင်ခံက ပြည်သူတစ်ဦး၏ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

အတိုင်ပင်ခံပုဂ္ဂိုလ်က"ကသည်းလက်နက်ကိုင်အဖွဲ့ တင်မကဘူး ဘယ်သူပဲဖြစ်ဖြစ် ကျွန်မတို့ပြည်သူလူထုရဲ့ လုံခြုံရေးကိုထိခိုက်မယ်ဆိုရင် လွှတ်ထားလို့ မရပါဘူး။အတတ်နိုင်ဆုံး လုပ်ပါမယ်။အခုချိန်မှာဆိုရင် ပြည်သူတွေ  ရဲ့လုံခြုံရေးကို တာဝန်ယူနေတဲ့ ရဲတွေ အားလုံးက ပြည်သူတွေနဲ့ နီးနီးကပ်ကပ် ဆက်ဆံပြီး ပြည်သူတွေရဲ့ လိုလားချက်တွေကို အမှန်တကယ် ဖြည့်ဆည်းပေးနိုင်တဲ့ ရဲတပ်ဖွဲ့ကို ဖော်ထုတ်ဖို့ ကြိုးစားနေပါတယ်"ဟုပြောသည်။

တမူးမြို့တွင် ကသည်းလက်နက်ကိုင်များ နေထိုင်သောကြောင့် ပြည်သူလူထုအကြား စိုးရိမ်နေရကြောင်း တမူးလူငယ်ကွန်ရက်မှ ကိုဆေးထင်ကလူထုတွေ့ဆုံပွဲတွင် အတိုင်ပင်ခံပုဂ္ဂိုလ်အား တင်ပြခဲ့ခြင်းဖြစ်သည်။

"ဒီဇင်ဘာ - ၂၇ ရက်နေ့ကလူငယ်တစ်ယောက်ကိုကသည်းလက်နက်ကိုင်တွေကနေ သေနတ်နဲ့ချိန်ရွယ်ပါးရိုက်တယ်။ပြီးရင်လွှတ်တော်ကိုယ်စားလှယ်အိမ်ထဲကို ဗုံးပစ်ချမှုတွေရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ရဲ့နေအိမ်တောင် ဒီလိုဖြစ်တယ်ဆိုရင် ကျန်တဲ့ ပြည်သူလူထုရဲ့ နိုင်ငံသားတွေအတွက်က လုံခြုံမှုကင်းမဲ့နေပါတယ်"ဟုကိုဆေးထင်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အား တင်ပြခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့က NLD ပါတီ၏အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ် နေအိမ်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းကလက်ပစ်ဗုံးတစ်လုံးနှင့် အပစ်ခံခဲ့ရခြင်းလည်းဖြစ်သည်။

ထို့ကြောင့် အတိုင်ပင်ခံက မြန်မာနိုင်ငံတွင် ရဲတပ်ဖွဲ့၏ အင်အားမှာ ရှိသင့်သည့်အင်အား၏ တစ်ဝက်လောက်သာရှိနေသေး သောကြောင့် ပြည်သူလူထု၏ လုံခြုံရေးကို ကြိုစား ဆောင်ရွက်နေကြောင်းလည်း ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့ထူထောင်ခြင်းမှာ နိုင်ငံ၏ ဘဏ္ဍာငွေအပေါ် အများကြီးမူတည်ကြောင်းနှင့် ပြည်သူပြည်သားများ၏ ပညာရေးအရ ၊အရည်အချင်းအရ ဖွံ့ဖြိုးတိုးတက်အောင် အရင်လုပ်ဆောင်ရမည်ဟုလည်း ပြောဆိုခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်လူထုတွေ့ဆုံပွဲ ခရီးစဉ်တွေအဖြစ် တမူးမြို့သို့ မလာခင် ကချင်ပြည်နယ်နှင့် ကယားပြည်နယ်တို့ကို သွားရောက်ခဲ့သလို နာဂဒေသနှင့် ပင်လည်ဘူးမြို့တို့ကိုလည်း သွားရောက်ခဲ့သေးသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly