‘အိုးထရက်ဖို့ဒ်ဆိုတာ ဘာကြောက်စရာမှ မရှိတော့ပါဘူး။’ - ဘန်လေသူရဲကောင်း ဝုဒ်

‘အိုးထရက်ဖို့ဒ်ဆိုတာ ဘာကြောက်စရာမှ မရှိတော့ပါဘူး။’ - ဘန်လေသူရဲကောင်း ဝုဒ်
Photos: EPA

နယူးဇီလန်တိုက်စစ်မှူး ခရစ္စဝုဒ်က ဘန်လေအသင်းဟာ ဗုဒ္ဓဟူးနေ့က မန်ချက်စတာယူနိုက်တက်ကို (၂-၀)ဂိုးနဲ့ သက်တောင့်သက်သာ နိုင်ပွဲရယူပြီးနောက်မှာ အိုးထရက်ဖို့ဒ်ဆိုတာ ဘာကြောက်စရာမှ မရှိတော့ပါဘူးလို့ ယုံကြည်နေပါတယ်။

ဘန်လေအသင်းအတွက် အနိုင်ဂိုးတွေကို ဝုဒ်က ပထမပိုင်းမှာ သွင်းယူခဲ့ပြီး ဂျေ ရိုဒီရီဂွက်ဇ်က ဒုတိယပိုင်းမှာ နောက်ထပ်တစ်ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

ခရစ္စဝုဒ်က အိုးထရက်ဖို့ဒ်မှာ မန်ယူအသင်းနဲ့ ပြီးခဲ့တဲ့ နောက်ဆုံး (၂)ပွဲမှာ (၂)ဂိုးအသာနဲ့ ဦးဆောင်နိုင်ပြီးမှ အဆုံးသတ်မှာ သရေကျခဲ့ပေမယ့် ဘန်လေရဲ့ စွမ်းဆောင်ရည်ကိုတော့ ဂုဏ်ယူခဲ့ပြီး ဒီကွင်းမှာ ကြောက်ရွံ့တဲ့အချက်ဟာ ပျောက်ကွယ်သွားတယ်လို့ သူ ခံစားရတယ်လို့ ဆိုပါတယ်။

"ကြည့်လိုက်ပါ၊ အိုးထရက်ဖို့ဒ်ဟာ ချောက်လှန့်နေတယ်လို့ ကျနော် မထင်တော့ပါဘူး။"လို့ ဝုဒ်က ပွဲအပြီး BT Sport ကို ပြောပါတယ်။

"ပြီးခဲ့တဲ့ (၂)နှစ်အတွင်း ကျနော်တို့ ဒီကို လာရောက်ကစားတိုင်း (၂-၀)ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် အဆုံးသတ်မှာ အနိုင်ရလဒ်ကို မထိန်းနိုင်ခဲ့ဘဲ လေလွှင့်ခဲ့ရပါတယ်။

"ဒီနေ့မှာလည်း အရင်လို တိုက်ပွဲဝင်စိတ်ဓာတ်၊ အလုပ်ကြိုးစားမှုတွေနဲ့ ဒီကို လာခဲ့ပြီး ကြိုးစားပမ်းစား တိုက်ခိုက်ခဲ့တယ်။ နောက်ပြီး ရလဒ်ကို ထိန်းကြောင်းနိုင်ခဲ့ကာ နိုင်ပွဲ ရယူနိုင်ခဲ့ပါပြီ။"

ဒီနိုင်ပွဲဟာ ၁၉၆၂ ခုနှစ်နောက်ပိုင်း အိုးထရက်ဖို့ဒ်မှာ ဘန်လေအသင်းရဲ့ ပထမဆုံးလိဂ်ပွဲ အနိုင်ရပွဲဖြစ်ခဲ့ပြီး သူတို့ဟာ ဘောလုံးပိုင်ဆိုင်မှု (၂၉)ရာခိုင်နှုန်းသာ ပိုင်ဆိုင်ထားပေမယ့် အနိုင်ရယူခဲ့တာဖြစ်ပါတယ်။

"ကံကောင်းတာက ကျနော်တို့ ဦးဆောင်ဂိုး (၂)ဂိုး အရင် ရသွားတာပါပဲ။ အဲဒီ (၂)ဂိုးက ကျနော်တို့ကို သက်တောင့် သက်သာဖြစ်သွားစေတယ်။ ဒါဟာ ကောင်းမွန်တဲ့ ခံစစ်စွမ်းဆောင်ရည်ဖြစ်ခဲ့ပါတယ်။

"ကျနော် သွင်းယူခဲ့တဲ့ ဂိုးကတော့ ကျနော်တို့ရဲ့ အရမ်းအားကောင်းတဲ့ အလွတ်တည်ကန်ဘောကနေ အလုပ်ဖြစ်ခဲ့တာပါ။ ဘန်မီးက ကောင်းမွန်တဲ့ ခေါင်းတိုက်ချပေးနိုင်ခဲ့ပြီး ကံကောင်းစွာနဲ့ ကျနော် အသာပိတ်သွင်းခဲ့တာပါ။"

ဆိုးလ်ရှားရဲ့ အသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ အဆင့် (၅)နေရာမှာ ရပ်တည်နေသေးတယ်ဆိုပေမယ့် ဒီအရှုံးရလဒ်က အဆင့် (၄)နေရာမှာရှိတဲ့ ချယ်လ်ဆီးနဲ့ (၆)မှတ် ကွာဟသွားခဲ့ပါတယ်။ ဘန်လေအသင်းကတော့ အဆင့် (၁၃)နေရာကို တက်လာချိန်မှာ သရဲနီတို့နဲ့ (၄)မှတ်သာ ကွာဟတော့ပါတယ်။

Ref; Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly