ကိုရိုနာဗိုင်းရပ်စ် အဓိကဖြစ်ပွားရာ ဝူဟန်မြို့ အဝင်အထွက်ကို တရုတ်အာဏာပိုင်များ ပိတ်ပင်

ကိုရိုနာဗိုင်းရပ်စ် အဓိကဖြစ်ပွားရာ ဝူဟန်မြို့ အဝင်အထွက်ကို တရုတ်အာဏာပိုင်များ ပိတ်ပင်

ဇန်နဝါရီ ၂၃  ။                       ။ တရုတ်တွင် လူ ၁၇ ဦးအထိ အသက်ဆုံးရှုံးစေခဲ့ပြီဖြစ်သော နမိုးနီးယား ဗိုင်းရပ်စ်ပိုးသစ်တစ်မျိုး ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် ယင်းဗိုင်းရပ်စ်ပိုး အဓိကစတင်ဖြစ်ပွားရာ နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ အဝင်အထွက်ကို ယခုအခါ အာဏာပိုင်များ ပိတ်ပင်ကန့်သတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

လူဦးရေ ၁၁ သန်းမျှ နေထိုင်လျက် ရှိသော အဆိုပါ ဝူဟန်မြို့မှ ထွက်ခွာမည့် လေယာဉ်များ၊ ရထားများကို ဇန်နဝါရီ ၂၃ ရက်ကစ၍ ပိတ်ပင်ထားလိုက်ပြီ ဖြစ်သည်။

SARS ရောဂါပိုးနှင့် ဆက်နွယ်ပတ်သက်နေသော အဆိုပါ ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်သည် လက်ရှိအချိန်တွင် လူ ၅၀၀ ကျော်ကို ကူးစက်စေခဲ့ပြီဖြစ်ကာ အခြားပြည်ပနိုင်ငံများအထိပါ ပျံ့နှံ့ရောက်ရှိနေပြီဖြစ်သည်။

အဓိက သယ်ယူပို့ဆောင်ရေး အချက်အချာမြို့ ဝူဟန်မြို့ အာဏာပိုင်များသည် လက်ရှိအချိန်တွင် အဆိုပါ ဗိုင်းရပ်စ်ပိုး ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေရချိန်တွင် မြို့တွင်းရှိ ဘတ်စ်ကားများ၊ မြေအောက်ရထားများ ပြေးဆွဲခြင်းကိုပါ ရပ်ဆိုင်းထားစေခဲ့ကြောင်း သိရသည်။

ယခု ဖြစ်ပွားနေသည့် ဗိုင်းရပ်စ်ပိုးသည် လွန်ခဲ့သည့် ၂၀၀၂ ၊ ၂၀၀၃ ခုနှစ်က တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်တွင် လူ ၆၅၀ နီးပါးကို သေဆုံးစေခဲ့သည့် SARS ရောဂါပိုးနှင့် များစွာ အလားသဏ္ဍာန်တူညီမှုများ ရှိနေသည့်အတွက် ပြည်သူများအကြား စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေလျက် ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly