နယူးယောက်သားက အမေရိကန် အူတားပြည်နယ်တွင် အချုပ်အခြာပိုင်နိုင်ငံတစ်ခု ဖန်တီးနေ

နယူးယောက်သားက အမေရိကန် အူတားပြည်နယ်တွင် အချုပ်အခြာပိုင်နိုင်ငံတစ်ခု ဖန်တီးနေ

ဆော့လိတ်စီးတီး၊ အောက်တိုဘာ-၂၇ ။           ။ အမေရိကန် အူတားပြည်နယ်ရဲ့ ဝေးခေါင်တဲ့ မြေတစ်ကွက်မှာ နယူးယောက်က လူတစ်ယောက်က ဇာကွီစတန်ဟု ခေါ်သည့် ကိုယ်ပိုင် အချုပ်အခြာပိုင်နိုင်ငံတစ်ခုကို ထူထောင်နေသည်ဟု ဆိုသည်။

KSL-TV၏ သတင်းပို့ချက်အရ ဇက် လင်းစဘာ့ဆိုသူက အဝါနှင့်အနီအလံ၊ တရားဝင်ပုံစံဆန်ဆန် နိုင်ငံကူးလက်မှတ်များနှင့် ကြီးမားသည့် စက်ရုပ်အစောင့်ကြီးက စောင့်ကြပ်နေသည့် နယ်စပ်ကင်းဂိတ် တို့ကို ဖန်တီးထားသည်ဟု ဆိုသည်။

‘စိတ်ကူးရည်မှန်းချက်ကတော့ တကယ့်အစစ်အမှန် နိုင်ငံတစ်ခု ဖြစ်လာစေချင်တာပါ။ ဆိုလိုတာက ဖြစ်လာမှာတော့မဟုတ်ဘူး။ ဒါဟာ မဖြစ်နိုင်ဘူး။ ဒါပေမယ့် ဖြစ်လာအောင် ကျနော်ကြိုးစားနေ တယ်ဆိုတာပါ’ဟု ဇာကွီစတန်၏ သမ္မတ လင်းစဘာ့က ပြောကြားခဲ့သည်။

လင်းစဘာ့က ဇာကွီစတန်နိုင်ငံအတွက် လက်စွဲဆောင်ပုဒ်ကိုလည်း ဖန်တီးထားရာ ယင်းမှာ ‘ဘာမှမရှိတာကနေ တစ်ခုခုရှိလာမယ်’’ဟူ၍ ဖြစ်သည်။

ဆယ်စုနှစ်အလွန်က အူတာ၏ လူနေကြဲပြီး ခြုံအတိပြီးနေသော မြေနေရာကို ဝယ်ယူခဲ့စဉ်က မြို့ကြီးသား လင်းစဘာ့က ခြုံများကို ဖယ်ရှားလိုက်လျှင် မည်သို့ဖြစ်လာမည်ကို စိတ်ကူးပျော်ရွှင်နေခဲ့သည်ဟု ဆိုသည်။ ထိုမြေကွက်မှာ အနီးဆုံးမြို့မှ မိုင်၆၀အကွာ၊ ပေတရာလမ်းမှ ၁၅မိုင်အကွာတွင် ရှိသည်။ မြေရိုင်းမြေကြမ်းဖြစ်သော်လည်း လင်းစဘာ့ကိုမူ ဆွဲဆောင်နေသည်ဟု ဆိုသည်။

 ‘အဲဒီနေရာမှာ ကိုယ်ပိုင်နေရာ၊ ကိုယ်ပိုင်အရာဝတ္တု၊ ကိုယ်ပိုင်ဟင်းလင်းပြင်နဲ့ တစ်ကိုယ်ရေလွတ်လပ်ခွင့်ဆိုတဲ့ စိတ်ကူးဟာ ရူးနှမ်းတာတော့ မဟုတ်ပါဘူး’လင်းစဘာ့က ပြောကြားသည်။ ဇာကွီစတန်၏ နေရာအတိအကျကိုမူ လူအများက ရှာဖွေရန် ကြိုးစားလာမည်စိုးသဖြင့် လင်းစဘာ့က ပြောဆိုရန် တွန့်ဆုတ်နေသည်။

လောင်စာဆီသိုလှောင်ကန်ပါသည့် ၄ဧက မြေကွက်မှာ အကယ်စင်စစ် ကိုယ်ပိုင်နိုင်ငံလေး ဖြစ်မလာနိုင်မှန်းသိသော်လည်း ၎င်းကို တည်ဆောက်နေရခြင်းသည်ပင်လျှင် မြေယာပိုင်ဆိုင်မှုနှင့် အချုပ်အခြာပိုင်မှု သဘောတရားများကို သူ မည်မျှတွန်းရွှေ့နိုင်သည်ကို အနုပညာဆန်ဆန် စူးစမ်းခြင်းဖြစ်သည်ဟု လင်းစဘာ့က ပြောကြားသည်။

‘ဒီပိုင်ဆိုင်မှု မြေကွက်သေးသေးလေးက ဘာအဓိပ္ပာယ်ဆောင်သလဲဆိုတာကို ကြိုးစားရှာဖွေနေပါတယ်’ဟု လင်းစဘာ့က ထပ်လောင်းပြောကြားသည်။

လင်းစဘာ့က မြေခွန်ပေးရသော်လည်း ဂါရဝထားသည့်အနေဖြင့် ပေးခြင်းသာဖြစ်သည်ဟု ဆိုသည်။ လင်းစဘာ့က သူ၏ နိုင်ငံငယ်လေးကို တရားဝင်ဖြစ်စေချင်သည်။ နိုင်ငံကူးလက်မှတ်များမှာလည်း အစစ်နီးပါး ခံစားရသည်။ ဧည့်သည်များ သူ့နိုင်ငံအတွင်းအပြင် အဝင်အထွက်တွင် တံဆိပ်တုံးထုပေးသည်။

‘တရားဝင်ဖြစ်မှုဆိုတာကလည်း စတင်ရတဲ့ ပုဂ္ဂလဓိဌာန်အစွဲတစ်ခုပါ။ တရားဝင်ဖြစ်မှုအကြောင်း ပြောကြတဲ့အခါ အဲဒါဟာ တကယ်ရှိသလားလို့မေးလာရင် အဖြေမရှိပါဘူး’ဟု လင်းစဘာ့က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly