အီရတ်အစိုးရကို ဆန့်ကျင်ဆန္ဒပြသူများက လမ်းများကို ပိတ်ဆို့၊ တက်ကြွလှုပ်ရှားသူတစ်ဦး ပစ်သတ်ခံရ

အီရတ်အစိုးရကို ဆန့်ကျင်ဆန္ဒပြသူများက လမ်းများကို ပိတ်ဆို့၊ တက်ကြွလှုပ်ရှားသူတစ်ဦး ပစ်သတ်ခံရ

ဇန်နဝါရီ ၂၃။               ။ ရေရှည်စောင့်ဆိုင်းနေကြသည့် ပြုပြင်ပြောင်းလဲရေးများကို အီရတ်အစိုးရက အကောင်အထည် ဖော်ပေးရေး ဖိအားပေးသည့် ဆန္ဒပြသူများ၏ တစ်ကျော့ပြန် စုရုံးဆန္ဒပြမှုများနှင့် လမ်းများကို ပိတ်ဆို့ခြင်းများ လုပ်ဆောင်လာခဲ့ရာတွင် နိုင်ငံတောင်ပိုင်း၌ အစိုးရဆန့်ကျင် တက်ကြွလှုပ်ရှားသူတစ်ဦး မည်သူမည်ဝါမှန်း မသိရသည့် သေနတ်သမားများ၏ ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

လူငယ်များ အများစုဖြစ်သည့် ဆန္ဒပြလှုပ်ရှားမှုများကို အမေရိကန်နှင့် အီရန်ကြားက တင်းမာမှုများကြောင့် အရှိန်မလျော့ကျသွားအောင် ပြင်းပြင်းထန်ထန် ကြိုးပမ်းနေကြသကဲ့သို့ လာမည့် ဇန်နဝါရီ ၂၄ ရက်၌ အမေရိကန်ကို ဆန့်ကျင်သော စုရုံးဆန္ဒပြမှုတစ်ရပ်ကို ဆင်နွှဲရန်လည်း စိုင်းပြင်းထားသည်။

သို့သော် ထိုသို့သော ဆန္ဒပြမှုများကို အရှိန်မြှင့်ခြင်းနှင့်အတူ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားပေါ်ပေါက်လာသည်ကို ရင်ဆိုင်ကြုံတွေ့နေရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက် ညပိုင်းက ရေနံကြွယ်ဝသော ဆိပ်ကမ်းမြို့ဖြစ်သည့် ဘာစရာမြို့က ဆန္ဒပြပွဲမှ အိမ်ပြန်လာသည့် အမျိုးသမီး တက်ကြွလှုပ်ရှားသူတစ်ဦီးကို အမည်မသိ လုပ်ကြံသူများက ပစ်သတ်ခဲ့ကြသည်။

“အသက် ၄၉ နှစ်ရှိ လူမှုရေး တက်ကြွလှုပ်ရှားသူ ဂျာနက်မက်ဒ်ဟီဟာ အင်္ဂါနေ့ ည ၁၁ နာရီလောက်မှာ သေနတ်သမားတွေရဲ့ ပစ်သတ်လို့ သေဆုံးခဲ့ပါတယ်။”ဟု ရဲသတင်းရင်းမြစ်တစ်ရပ်က ပြောပြီး တက်ကြွလှုပ်ရှား သူတစ် ဦးအပါအဝင် ငါးဦး ထိခိုက်ဒဏ်ရာရကြောင်း ပြောခဲ့သည်။

အီရတ်နိုင်ငံအတွင်း ဆန္ဒပြသူများသည် မဲပေးဥပဒေသစ်အရ ရွေးကောက်ပွဲ စောလျင်စွာ ကျင်းပရန်၊ လက်ရှိ ရာထူးစွန့်ထားပြီဖြစ်သော ဝန်ကြီးချုပ် အယ်ဒဲလ်အက်ဘ်ဒဲလ်မတ်ဒီ နေရာတွင် လွတ်လပ်သော ဝန်ကြီးချုပ် အစား  ထိုးရန်နှင့် အကျင့်ပျက်ခြစားသည့် တာဝန်ရှိသူအားလုံးကို အရေးယူရန်စသည်တို့ကို တောင်းဆိုဆန္ဒပြလျက် ရှိကြခြင်း ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly