SARS ကဲ့သို့သော ဗိုင်းရပ်စ်ပိုးသစ် ပျံ့နှံ့မှုကြောင့် မြောက်ကိုရီးယားက ကမ္ဘာလှည့်ခရီးသွားများကို တားမြစ်မည်

SARS ကဲ့သို့သော ဗိုင်းရပ်စ်ပိုးသစ် ပျံ့နှံ့မှုကြောင့် မြောက်ကိုရီးယားက ကမ္ဘာလှည့်ခရီးသွားများကို တားမြစ်မည်

ဇန်နဝါရီ ၂၂။                 ။ SARS ကဲ့သို့သော ဗိုင်းရပ်စ်ပိုးသစ်ကြောင့် တရုတ်နိုင်ငံတွင် လူကိုးဦး သေဆုံးပြီး ရာပေါင်းများစွာ ကူးစက် နာမကျန်းဖြစ်နေသဖြင့် မြောက်ကိုရီးယားနိုင်ငံက ကာကွယ်တားဆီးရေးအဖြစ် ကမ္ဘာလှည့်ခရီးသွားများ ဝင်ရောက်မှုကို တားမြစ်သွားမည်ဖြစ်ကြောင်း အကြီးတန်းခရီးသွားအော်ပရေတာက ပြောသည်။

တရုတ်အလယ်ပိုင်း ဝူဟန်မြို့တွင် ပထမဆုံး စတင်ဖြစ်ပွားသည့် ကိုရိုနာဗိုင်းရပ်စ်ပိုးသစ် ကူးစက်မှုကို ထောက်လှမ်းရန် အမေရိကန်အပါအဝင် နိုင်ငံအချို့၌ လေဆိပ်ခရီးသွားများကို စက္ကရင်ဖတ်စစ်ဆေးမှုများ လုပ်ဆောင်နေပြီဖြစ်သော်လည်း မြောက်ကိုရီးယားက ပထမဆုံးအဖြစ် ခရီးသွားများကို တားမြစ်သွားမည်ဖြစ်သည်။

ယခု ဖြစ်ပွားပျံ့နှံ့နေသော ဗိုင်းရပ်စ်ပိုးသစ်သည် ၂၀၀၂-၂၀၀၃ ခုနှစ်က တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်တို့တွင် လူပေါင်း ၆၅၀ သေဆုံးခဲ့ရသော ပြင်းထန်အဆုတ်ရောင်ရောဂါတစ်မျိုးဖြစ်သော SARS ရောဂါနှင့် မျိုးဗီဇတူညီခြင်းကြောင့် တရုတ်နိုင်ငံအတွင်း သတိပေးတပ်လှန့်နေရသည့် အခြေအနေ၌ ရှိနေသည်။

အဆိုပါ ဗိုင်းရပ်စ်ပိုးသစ်ကူးစက်မှုကို ဂျပန်၊ တောင်ကိုရီးယားနှင့် ထိုင်းတို့တွင် ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ရှိပြီး လတ်တလော၌ အမေရိကန်၊ ဟောင်ကောင်နှင့် မကာအိုတို့တွင်ပါ ကူးစက်လာသည်ကို ရင်ဆိုင်နေရပြီဖြစ်သည်။
တရုတ်ပညာရှင်များက အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်နိုင်သော ယင်းရောဂါပိုးသည် သန္ဓေပြောင်းနိုင်ပြီး ပျံ့နှံ့ကူးစက်မှု ပိုမိုကြီးထွားလာနိုင်သည်ဟု သတိပေးထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly