ICOE ရဲ့ အစီရင်ခံစာပါအချက်တွေအရ ကျူးလွန်သူတွေကို တပ်မတော်က မဖြစ်မနေ အရေးယူမှုတွေလုပ်သင့်ဟုဆို

ICOE ရဲ့ အစီရင်ခံစာပါအချက်တွေအရ ကျူးလွန်သူတွေကို တပ်မတော်က မဖြစ်မနေ အရေးယူမှုတွေလုပ်သင့်ဟုဆို
Myanmar President Office

ရန်ကုန် ဇန်နဝါရီ ၂၂ ။          ။ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ရဲ့ အပြီးသတ်အစီရင်ခံစာပါအချက်အလက်တွေကိုစီစစ်ကာ တပ်မတော်အနေနဲ့ ကျူးလွန်သူတွေကိုမဖြစ်မနေ အရေးယူဆောင်ရွက်မှုတွေ လုပ်သင့်တယ်လို့ နိုင်ငံရေးလေ့လာသူတွေကပြောပါတယ်။

ကော်မရှင်ရဲ့အကြံပြုချက် ၂၂ ချက်အနက် ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ စစ်ဥပဒေချုပ်ရုံးတို့က လိုအပ်တဲ့ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်သွားရန်ဆိုတဲ့ အကြံပြုချက်လဲပါဝင်ပါတယ်။

တကောင်းအင်စတီကျူမှဒါရိုက်တာ ကိုရဲမျိူးဟိန်းက" တပ်မတော်အနေနဲ့ အချက်အလက်အထောက်အထားတွေရှိရင် သူတို့အနေနဲ့ အရေးယူအပြစ်ပေးတာရှိတယ်လို့ ပြောထားတာရှိတဲ့အတွက် ကော်မရှင်က ခိုင်လုံတဲ့ အထောက်အထားများပြပြီဆိုရင်တာ့ တပ်မတော်အနေနဲ့ မဖြစ်မနေ အရေးယူဆောင်ရွက်တာတွေလုပ်ဖို့ လိုတယ်လို့ ထင်တယ်" ဟုပြောသည်။

တပ်မတော်ဘက်ကလည်း ICOE ၏ အစီရင်ခံစာပါ တပ်မတော်နှင့် စပ်လျဉ်းသည့် အကြုံပြုချက်များကို လေ့လာသွားမယ့်အပြင် စစ်ဥပဒေချုပ်ရုံးကလည်း အစီရင်ခံစာ တစ်ခုလုံးကို အသေးစိတ်လေ့လာသွားမည်ဟု တုံ့ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် နိုင်ငံတော် အချုပ်အခြာအာဏာနဲ့ဒေသခံတိုင်းရင်းသား များ၏ အသက်အိုးအိမ်စည်းစိမ် ၊အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန်အတွက်သာ ဆောက်ရွက်ခဲ့ခြင်းဖြစ်ပြီးတော့ ကွပ်ကဲမှုအဆင့် ဆင့်တွင် မှားယွင်းစွာ လုပ်ဆောင်သူများကို စုံးစမ်းစစ်ဆေးရေးခုံရုံးက ဆက်လက် စုံစမ်းစစ်ဆေးသွားမှာဖြစ်တယ်လို့လည်း တပ်မတော်က သတင်းထုတ်ပြန်သည်။

  • Myanmar President Office

စုံစမ်းစစ်ဆေးရေးကော်မရှင်အစီရင်ခံစာမှာပါဝင်တဲ့ တပ်မတော်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများက ကျူးလွန်တယ်ဆိုတာတွေကို ထောက်ပြထားတာရှိတဲ့အတွက် တပ်မတော်အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆက် လက်လုပ်ဆောင်ဖို့လိုအပ်တယ်လို့ ညီမျှခြင်းမြန်မာမှ ဒါရိုက်တာ ဦးအောင်မျိုးမင်းကဆိုသည်။

၎င်းက ‘ တရားစီရင်တဲ့အပိုင်းမှာလည်း ကျူးလွန်သူတွေကို ထိထိရောက်ရောက် အပြစ်ပေးအရေးယူတာဖြစ်ဖို့လိုတယ် ‘ဟုပြောသည်။

လက်ရှိမှာတော့မြန်မာနိုင်ငံအနေနဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်က လူမျိုးသုန်းသတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်ကို နိုင်ငံတကာတရားရုံး အိုင်စီဂျေမှာရင်ဆိုင်နေရပါတယ်။

နိုင်ငံတော်သမ္မတကလည်းကော်မရှင်၏အကြံပြုချက်အတိုင်း ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများဆက်လက်ပြုလုပ်သွားစေရန်နှင့် အထောက်အထားများခိုင်လုံပါကတရားစွဲဆိုမှုများပြုလုပ်သွားရန်သဘောတူထားသည်။
နိုင်ငံတော်သမ္မတက ARSA အဖွဲ့ဝင်များ(သို့မဟုတ်) အလိုတူပူးပေါင်းပါဝင်ခဲ့သူများက ကျူးလွန်ခဲ့သည့်ကြီးလေးသောရာဇဝတ်မှုများကိုစုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများ မည်သို့ပြုလုပ်သင့်သည်ကို စစ်ဥပဒေ ချုပ်နှင့်လိုအပ်သလိူ တိုင်ပင်ဆောင်ရွက်သွားရန် ပြည်ထောင်စုရှေ့နေချုပ်ထံအကြောင်းကြားထားကြောင်းသိရသည်။

လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ရဲ့ အပြီးသတ်အစီရင်ခံစာကို နိုင်ငံတော်သမ္မတဦးဝင်းမြင့် က ဇန်နဝါရီလ ၂၁ရက်က လက်ခံရရှိခဲ့ကာ အစီရင်ခံစာက ကျယ်ပြန့်ပြည့်စုံပြီးတော့ နောက်ဆက်တွဲ ၃၁ခုနဲ့ စာမျက်နှာပေါင်း ၄၅၀ ကျော်ပါဝင်တယ်လို့ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။

နိုင်ငံတော်သမ္မတက လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE)ကို ဖွဲ့စည်းပေးခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်းရိုဆာရီယို မယ်နာလို၊ အဖွဲ့ဝင်များအဖြစ် ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု ကိစ္စရပ်များဆိုင်ရာ ကုလသမဂ္ဂ ဒုတိယညွှန်ကြားရေးမှူးချုပ်ဟောင်း သံအမတ်ကြီး ကင်ဇိုအိုရှီးမား၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌဟောင်း ဦးမြသိန်းနဲ့ ဒေါက်တာအောင်ထွန်းသက်တို့ ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly