မြန်မာအပါအဝင် နောက်တိုး နိုင်ငံ ၇ နိုင်ငံအား အမေရိကန်က ပြည်ဝင်ခွင့်ပိတ်ဖွယ်ရှိ

မြန်မာအပါအဝင် နောက်တိုး နိုင်ငံ ၇ နိုင်ငံအား အမေရိကန်က ပြည်ဝင်ခွင့်ပိတ်ဖွယ်ရှိ

ဇန်နဝါရီ ၂၂။        ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မြန်မာနိုင်ငံအပါအဝင် နောက်တိုးနိုင်ငံ ၇ နိုင်ငံတို့အား  ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်ရန် စဉ်းစားနေကြောင်း  ဝါရှင်တန် သတင်းရင်းမြစ်တစ်ရပ်က ဖော်ပြထားသည်။

ထရမ့်သည် လက်ရှိအချိန်တွင် ကမ္ဘာ့စီးပွားရေးဖိုရမ်တက်ရောက်ရန် ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ရောက်ရှိနေပြီး ထပ်တိုး နိုင်ငံအချို့ကို ပြည်ဝင်ခွင့် ပိတ်ရန် စဉ်းစားနေကြောင်း Wall Street Journal သို့ ဇန်နဝါရီ ၂၁ ရက်က ပြောခဲ့ခြင်းဖြစ်သည်။

နီးစပ်သူများ၏အဆိုအရ သမ္မတ ထရမ့် ပြည်ဝင်ခွင့်ပိတ်သည့် စာရင်းထဲ ထပ်မံထည့်သွင်းလာနိုင်သည့်နိုင်ငံများမှာ မြန်မာ၊ ဘီလာရုစ်၊ အီရီထရီးယား၊ ကာဂျစ္စတန်၊  နိုင်ဂျီးရီးယား၊ ဆူဒန်နှင့် တန်ဇန်းနီးယားနိုင်ငံတို့ဖြစ် ကြောင်း သိရသည်။

အမေရိကန်သည် မြောက်ကိုရီးယားနှင့် ဗင်နီဇွဲလားနိုင်ငံအပါအဝင်  မွတ်စလင်အများစုရှိသည့် အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆီးရီးယားနှင့် ယီမင်နိုင်ငံသားများအား  လက်ရှိတွင် ပြည်ဝင်ခွင့်ဗီဇာပိတ်ထားသည်။

ထရမ့်အစိုးရတက်ပြီး တစ်ပတ်အကြာ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် ပထမဆုံးအကြိမ်အဖြစ် အဆိုပါနိုင်ငံများအား ပြည်ဝင်ခွင့်ပိတ်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်မှုဖြစ်သည့် နိုင်ငံအများစုသည် မွတ်စလင်ကြီးစိုးသည့်နိုင်ငံများဖြစ်သည့်အတွက် ဒီမိုကရက်နှင့် ပြည်ဝင်ခွင့်ကိစ္စလှုပ်ရှားသူများက မွတ်စလင်များကို ပြည်ဝင်ခွင့်ပိတ်ရန် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

အိမ်ဖြူတော်မှ သတင်းထုတ်ပြန်ရေး ဒုတိယဝန်ကြီး ဟော်ဂန်ဂစ်ဒလီက ယခုအချိန်၌ ကြေညာချက်အသစ်မထုတ်ပြန်သေးကြောင်း၊ အမေရိကန်နိုင်ငံထဲကို အကြမ်းဖက်မှုများနှင့် အခြားသော နိုင်ငံလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများ အဝင်မခံနိုင်သည့်အတွက် အမေရိကန်ပြည်ဝင်ခွင့်အစီအစဉ်များတွင် အပြည့်အဝပူးပေါင်းပါဝင်ချင်သည့်နိုင်ငံတို့အနေဖြင့်  လုံခြုံရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဆောင်ရွက်ချက်များကို လိုက်နာသင့်ကြောင်း ဇန်နဝါရီ ၂၁ ရက်စွဲဖြင့် အိမ်ဖြူတော်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly