မြန်မာနိုင်ငံမှာ တန်းတူညီမျှမှုကို ဖော်ဆောင်ပေးနိုင်သည့် ဖက်ဒရယ်စစ်စစ် မရှိဘဲ ဖြစ်နေဟုဆို

By အုပ်မှူးဇော်၊စိုင်းဝင်းဦး
22 January 2020
မြန်မာနိုင်ငံမှာ တန်းတူညီမျှမှုကို ဖော်ဆောင်ပေးနိုင်သည့် ဖက်ဒရယ်စစ်စစ် မရှိဘဲ ဖြစ်နေဟုဆို
ဓာတ်ပုံ - သက်ကို

ရန်ကုန်၊ ဇန်နဝါရီ ၂၁။             ။ လက်ရှိမြန်မာနိုင်ငံမှာ တိုင်းရင်သားများအတွက် တန်းတူညီမျှမှုကို ဖော်ဆောင်ပေးနိုင်သည့် ဖက်ဒရယ်စစ်စစ် မရှိခြင်းက မြန်မာ့ငြိမ်းချမ်းရေး၏ အဓိက ပြဿနာတစ်ရပ် ဖြစ်သည်ဟု ၈၈ ကျောင်းသား ခေါင်းဆောင်ဟောင်း ဦးမြအေးက ပြောသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်အပေါ် သုံးသပ်ဆွေးနွေးပွဲတစ်ရပ်ကို ဇန်နဝါရီ ၂၀-၂၁ ရက်တွင် ရန်ကုန်ရှိ Summit Park View Hotel မှာ ကျင်းပစဉ် အထက်ပါအတိုင်း မဇ္ဈိမသို့ ပြောသည်။

ဦးမြအေးက “ကျွန်တော်တို့ ဖက်ဒရယ်နဲ့ကိုက်ညီတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ခုပေါ့ဗျာ။ ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေ မဟုတ်ရင်တောင် ဘုံသဘောတူညီချက် ရှာထားဖို့တော့ လိုပြီလို့တော့ မြင်တယ်လေ။ မဟုတ်လို့ရှိရင် တိုင်းပြည်က ဒီလိုပဲ လုပ်လိုက် ပြန်လှန်ကျလိုက်၊ ဒီနားက စစ်ငြိမ်းလိုက်၊ တောင်ဘက်က စစ်မပူဘူးဆိုရင် မြောက်ပိုင်းက စစ်ပူ၊ မြောက်ပိုင်းက စစ်အေးရင် တောင်ပိုင်းက စစ်ပူ ဖြစ်နေဦးမှာပဲ”ဟု မဇ္ဈိမသို့ ပြောသည်။

ဇန်နဝါရီ ၂၀ ရက်မှ ၂၁ ရက်ထိ ကျင်းပခဲ့သော ဆွေးနွေးပွဲတွင် နိုင်ငံရေးပါတီ ၃၉ ပါတီမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် သုံးသပ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသလို ဒီမိုကရေစီ ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်များ၏ ဆက်စပ်မှုအကြောင်းတို့ကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 ဦးမြအေးက “ ဟိုဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရမယ်ဆိုရင် ဒီမိုကရက်တစ်ရဲ့ တန်ဖိုးတွေလည်း ပါဖို့လိုတာပေါ့၊ ဆိုတော့ ကျွန်တော်တို့ နိုင်ငံမှာက တိုင်းရင်းသား အရေးက သက်သက်လိုလို၊ ဒီမိုကရေစီ အရေးက သက်သက်လိုလို တစ်ခါတစ်လေဖြစ် သွားတဲ့ဟာတွေနဲ့ တချို့ ပြောနေတာတွေ ကြားရတယ်။ အမှန် တော့ ဒါက အတူတူပဲ ခေါင်းနဲ့ပန်း လိုပါပဲ။ ဒီနှစ်ခုရဲ့ ဆက်စပ်ဖြစ်တည်မှု အပေါ်မှာလည်း ဘယ်လိုလုပ်ရင် ကောင်းမလဲ ဆိုတဲ့ဟာတွေလည်း အကြံပြု ဆွေးနွေးကြတာဖြစ်တယ်”ဟု ပြောသည်။

နိုင်ငံအတွင်း မတည်ငြိမ် အေးချမ်းသည့် ပြဿနာသည် ၁၉၄၇ ခုနှစ် ပင်လုံအစည်းအဝေး၏ နောက်ဆက်တွဲ အကျိုးရလဒ် တစ်ခုဖြစ်ပြီး ယခုအတိုင်း ဆက်သွားနေပါက မြန်မာနိုင်ငံ၏ အနာဂတ်မှာ အလားအလာ ကောင်း လာနိုင်ခြေ မရှိဘူးဟု ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီမှ ဦးစောဝင်းထွန်းက ပြောသည်။

“အဲ့ဒီတုန်းက ၁၉၄၇ တုန်းကလည်း ဗိုလ်ချုပ်တို့ ကတိပေးထားတဲ့အတိုင်း ကျွန်တော်တို့ မြန်မာနိုင်ငံကြီးကို ဖက်ဒရယ်ပုံစံနဲ့ မတည်ဆောက်နိုင်ခဲ့တဲ့ အကျိုးဆက်လို့ပဲ ကျွန်တော်ယူဆပါတယ်။ ဒါကြောင့်မို့ ခုချိန်ထိ ပြည် တွင်းစစ် မရပ်ဆဲနိုင်ဘူး။ ပြည်တွင်းစစ် မရပ်ဆဲနိုင်တဲ့အမျှ တိုင်းပြည်ရဲ့ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက် ရေးတွေကိုလည်း မဖြစ်ပေါ်လာနိုင်ဘူး။ ဒီပုံစံအတိုင်း ဆက်သွားနေမယ်ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံဟာ အနာဂတ်အတွက် အလားအလာ မကောင်းဘူးလို့” ၎င်းက ဆိုသည်။

အထက်ပါ ဆွေးနွေးပွဲမှ ရရှိလာသည့် အကြံပြုချက်များကို အစိုးရ၊ လွှတ်တော်၊ အမျိုးသား ပြန်လည် သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၊ တိုင်းရင်းသားလက်နက်ကိုင်(EAOs)နှင့် တပ်မတော်တို့ကို ပေးပို့ သွား မည် ဖြစ်ပြီး သူတို့ဘက်က ထိုအကြံပြုချက်များအတိုင်း ဖြစ်မလာပါက ကိုယ်တိုင် ဝင်လုပ်နိုင်ရန် ကြိုးစားသွား မည်ဟု ဖက်ဒရယ်ပြည်ထောင်စုပါတီ၏ ဒုဥက္ကဋ္ဌ ဦးစဝ်သာဦးက ပြောသည်။

“အကြံပြုချက် ဖြစ်မလာရင် ကိုယ်ကိုယ်တိုင် ဖြစ်လာအောင်လုပ်ဖို့ ကြိုးစားရမယ်။ အဲ့ဒါမှ မလုပ်နိုင် သေးဘူး ဆိုရင် ထပ်ထပ်ပြီးတော့မှ လုပ်ပိုင်ခွင့်ရှိတဲ့ သူကို ထပ်ထပ်ပြီးတော့မှ ကျွန်တော်တို့ တိုက်တွန်းနေရမှာပဲ” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၏  ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် သုံးသပ်ဆွေးနွေးပွဲကို ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုကနေ ဦးဆောင်ပြီး တောင်ကြီးမြို့၊ မန္တလေးမြို့နှင့် ရန်ကုန်မြို့များမှာ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

လက်ရှိတွင် မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ကို လက်မှတ်ထိုးထားသော လက်နက်ကိုင် ၁၀ ဖွဲ့သာ ရှိသေးပြီး “ဝ” တပ်ဖွဲ့ (UWSA)၊ မိုင်းလားအဖွဲ့ (NDAA)၊ ကိုးကန့်(MNDAA)၊ ကချင် (KIA)၊ ပလောင်(TNLA)၊ ရှမ်း(SSPP)၊ ရခိုင်(AA)၊ ကရင်နီ(KNPP) တို့မှာ လက်မှတ် ထိုးနိုင်ရေး ညှိနှိုင်းနေရဆဲအဆင့်သာ ရှိသေးသည်။

ထို့နောက် NCA ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့နှင့် အစိုးရ၊ တပ်မတော်ကြား သဘောတူ ကျင်းပနေသော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ အစည်းအဝေးမှာလည်း ၂၀၁၈ ခုနှစ်၊ ဇူလိုင်လက တတိယ အကြိမ် ကျင်းပပြီးနောက် ယနေ့ထိတိုင် တစ်နှစ်ကျော်လာသည့်တိုင် မကျင်းပနိုင်သေးဘဲ ဖြစ်နေ သည်။

၂၁ ရာစု ပင်လုံ အစည်းအဝေးကို တစ်နှစ်လျှင် ၂ ကြိမ် ကျင်းပရန် သဘောတူညီထားသော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မကျေလည်မှုများ ဖြစ်ပွားခဲ့ပြီးနောက် နှေးကွေးသွားခဲ့သည်။

>

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly