စီမံကိန်း ၄ ခုပူးပေါင်းဆောင်ရွက်နိုင်ရန် ဂျပန်ယန်း၁၂၀ ဘီလီယံ ချေးငွေရယူ

စီမံကိန်း ၄ ခုပူးပေါင်းဆောင်ရွက်နိုင်ရန် ဂျပန်ယန်း၁၂၀ ဘီလီယံ ချေးငွေရယူ
 Source : Embassy of Japan in Myanmar

ဇန်နဝါရီ ၂၂ ။                ။ မြန်မာနိုင်ငံ အစိုးရ နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ အကြား မြန်မာနိုင်ငံရှိ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း ၄ ခု ပူးပေါင်းဆောင်ရွက်ရန် စုစုပေါင်း ယန်းငွေပမာဏ ၁၂၀.၉၁၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်) တန်ဖိုးရှိ အကူအညီချေးငွေ စာချုပ်များ (Loan Agreements L/A) အား ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့က နေပြည်တော် တွင် လက်မှတ် ရေးထိုးခဲ့ကြသည်။

ချေးငွေရယူလိုက်သည့် စီမံကိန်း ၄ ခု မှာ ရန်ကုန်မြို့ မိလ္လာပြွန်စနစ်ဖွံ့ဖြိုးမှု စီမံကိန်း ( ချေးငွေပမာဏ - ယန်းငွေ ၄၅.၉ ဘီလီယံ )၊ ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း ( ချေးငွေပမာဏ - ယန်းငွေ ၂၄.၀၈၅ ဘီလီယံ )၊ မြို့ပြဧရိယာ ဓာတ်အားဖြန့်ုဖြူးမှု တိုးတက်ကောင်းမွန်ရေး စီမံကိန်း ( ချေးငွေပမာဏ - ယန်းငွေ ၁၂.၂၈၈ ဘီလီယံ) နဲ့ ဒေသတွင်း အခြေခံ အဆောက်အအုံ အဆင့်မြှင့်တင်ခြင်း စီမံကိန်း ( ချေးငွေပမာဏ - ယန်းငွေ ၃၈.၆၄၂ ဘီလီယံ ) တို့  ဖြစ်သည်။

ရန်ကုန်မြို့ မိလ္လာပြွန်စနစ် ဖွံ့ဖြိုးမှု စီမံကိန်း တွင် ရန်ကုန်မြို့တွင်း စနစ်သစ် မိလ္လာပြွန်စနစ် နှင့် မိလ္လာပိုက်လိုင်းကွန်ယက်များ တပ်ဆင်ခြင်း၊ ရေဆိုးသန့်စင်စက်ရုံ တိုးချဲ့ပြင်ဆင်တည်ဆောက်ခြင်း တို့ကို ပြုလုပ်ခြင်းဖြင့် ရန် ကုန်မြို့တော်၏ ရေသန့်စင်စနစ် ဖွံ့ဖြိုးတိုးတက်လာပြီး မြို့နေ လူထု ရဲ့ နေထိုင်မှု ပတ်ဝန်းကျင် ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်ထားသည် ဟု သိရသည်။ အဆိုပါ စီမံကိန်းအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်  မတီ၊ အင်ဂျင်နီယာ ဌာန (ရေ နှင့် သန့်ရှင်းမှု) မှ အကောင်အထည်ဖော်ဆောင်မည် ဖြစ်ပြီး ၂၀၂၈ ခုနှစ် ဖေဖော်ဝါရီလ တွင် စီမံကိန်း ပြီးဆုံးမည် ဖြစ်သည်။

ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း တွင် ရန်ကုန်မြို့၏ မြို့ပြဝန်းကျင် အတွင်းရှိ မြောင်းများ မူလ အခြေအနေအတိုင်း ပြန်လည်ရရှိအောင် မွမ်းမံခြင်း၊ မြို့ပတ်ရထား နှင့် ကားလမ်းဆုံရာ နေရာများ၌ ယာဉ်ကြောပိတ် ဆို့မှုများကို ဖြေလျော့ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန ( လမ်း နှင့် တံတား ) မှ စီမံကိန်း အကောင်အထည် ဖော်ဆောင်မည် ဖြစ်ကာ စီမံကိန်း ကာလ အားဖြင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ တွင် ပြီးဆုံးမည် ဖြစ်သည်။

 မြို့ပြဧရိယာ ဓာတ်အားဖြန် ဖြူးမှု တိုးတက်ကောင်းမွန်ရေး စီမံကိန်း တွင် ရန်ကုန်တိုင်း ဒေသကြီး နှင့် မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ဓာတ်အားခွဲရုံများ နှင့် ဆက်စပ်ဓာတ်အားလိုင်းများကို အဆင့်မြှင့်တင်တည်  ဆောက်၍ လျှပ်စစ်ဓာအားကို တည်ငြိမ်ပြည့်ဝစွာ ဖြန့်ဖြူးခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။ အဆိုပါ စီမံကိန်းအား လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ ရန်ကုန် နှင့် မန္တလေး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း  တို့မှ တာဝန်ယူ ဆောင်ရွက်သွားမှာ ဖြစ်ပြီး စီမံကိန်း ကာလကို ၂၀၂၅ ခုနှစ် မတ်လ တွင် ပြီးစီးမည် ဟု သိရသည်။

ဒေသတွင်း အခြေခံအဆောက်အအုံ အဆင့်မြှင့်တင်ခြင်း စီမံကိန်း တွင် ဒေသတွင်း လူနေမှု အဆင့်အတန်း မြင့်မားလာစေရန် အခြေခံ အဆောက်အအုံများ ဖြစ်ကြသော လမ်း၊ တံတား၊ လျှပ်စစ် နှင့် ရေပေးဝေရေး အဆောက် အဦးများကို အဆင့်မြှင့်တင်ခြင်း၊ တည်ဆောက်ခြင်း နှင့် တပ်ဆင်ခြင်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည်ဟု သိရသည်။ အဆိုပါ စီမံကိန်းတွင် ရင်နှီးမြှပ်နှ့မှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန နှင့်  ကျေးလက်လမ်း ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီး ဌာန လက်အောက်ရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း နှင့် လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တို့မှ ပူးပေါင်ဒဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်းကာလ အား ၂၀၂၄ ခုနှစ် သြဂုတ်လ တွင် ပြီးဆုံးမည်ဖြစ်သည်။ သည်စီမံကိန်းတွေကို ရန်ကုန်၊ မန္တလေး၊ တနင်္သာရီတိုင်း၊ ချင်း၊ ရခိုင်၊ မွန်၊ ကရင်ပြည်နယ်တို့တွင်အကောင်အထည်ဖော်သွားမည်ဖြစ်သည်။

အဆိုပါ စီမံကိန်း ၄ ခု အတွက် စုစုပေါင်း ယန်းငွေပမာဏ ၁၂၀.၉၁၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်) တန်ဖိုးရှိ ဂျပန်တရားဝင် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီချေးငွေ စာချုပ်များ (Loan Agreements L/A) တွင် ချေးငွေ သက်တမ်း အားဖြင့် ပြန်လည်ပေးဆပ်ရန် ကာလ သက်တမ်း နှစ် ၄၀ သတ်မှတ်ထားပြီး ဆိုင်းငံ့ကာလ ၁၀ နှစ် ဖြစ်ကာ အတိုးနှုန်းအား ဖြင့် စီမံကိန်း အတွက် ဝ.၀၁ ရာခိုင်နှုန်း နှင့် အကြံပေး ဝန်ဆောင်မှု အတွက် ဝ.၀၁ ရာခိုင်နှုန်း ပေးချေရမည် ဟု သိရသည်။ ယင်းချေးငွေကို   စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက တာဝန်ခံရမည်ဖြစ်သည်။

ယခုချေးငွေသည် ၂၀၁၆ ခုနစ်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဂျပန်ဝန် ကြီးချုပ်တို့ တွေ့ဆုံစဉ် ကတိကဝတ်ပြုထားသော ဂျပန်နိုင်ငံမှ ယန်း ဘီလီယံ ၈၀၀ မြန်မာနိုင်ငံသို့ ကူညီပေးရေးအစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ် ကြောင်း မြန်မာနိုင်ငံလုံးဆိုင် ရာ ဂျပန်သံရုံး၏ထုတ်ပြန်ချက်အရသိရသည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly