‘ချန်ပီယံလိဂ်၊ ယူရို ၂၀၂၀ နဲ့ အိုလံပစ် ဆုဖလား သုံးလုံးဆွတ်ခူးဖို့’ အိပ်မက်မက်နေတဲ့ အမ်ဘာပေ

‘ချန်ပီယံလိဂ်၊ ယူရို ၂၀၂၀ နဲ့ အိုလံပစ် ဆုဖလား သုံးလုံးဆွတ်ခူးဖို့’ အိပ်မက်မက်နေတဲ့ အမ်ဘာပေ
Photos: AFP & EPA

ကိုင်လီယန် အမ်ဘာပေက သူဟာ ယခုနှစ်မှာ ပီအက်စ်ဂျီအသင်းကို ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးဖို့ ကူညီပေးနိုင်မယ့် အိပ်မက်မက်နေသလို ပြင်သစ်အသင်းကို ယူရို ၂၀၂၀ ဖလားနဲ့ တိုကျိုမှာ ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲများ ဆုဖလားတွေ ရယူပေးဖို့ ဦးဆောင်လိုတယ်လို့ ပြောပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားကိုင်မြှောက်ခဲ့တဲ့ အသက် ၂၁ နှစ်အရွယ်ရှိ ပီအက်စ်ဂျီနဲ့ ပြင်သစ်ကြယ်ပွင့်ဟာ တနင်္လာနေ့က ပါရီမြို့ဆင်ခြေဖုံးတွေမှာ သူ့ရဲ့ ပရဟိတလုပ်ငန်းကို ဖွင့်လှစ်နေစဉ် နှစ်သစ်မှာ သူ့ရဲဆန္ဒကို မေးမြန်းခဲ့တာပါ။

"ချန်ပီယံလိဂ်၊ ဥရောပချန်ပီယံနဲ့ အိုလံပစ်ပြိုင်ပွဲရဲ့ ဆုဖလားသုံးခုဖြစ်လာမှာပါ။ ဒါက လွယ်တော့ မလွယ်ဘူးလေ။"လို့ အမ်ဘာပေက အပြုံးနဲ့ ပြောဆိုပါတယ်။

"ဒါက အခုအချိန်မှာ မဖြစ်နိုင်ဘူးလို့ ထင်ရပေမယ့်လည်း ဒီအိပ်မက်ကို အကောင်အထည်ဖော်ဖို့ သေချာအောင် ကျနော် လုပ်ဆောင်မှာပါ။ ပီအက်စ်ဂျီအသင်းအတွက် ပထမဆုံး ဥရောပချန်ပီယံနဲ့ ကျနော်တို့ နိုင်ငံအတွက် ဆုဖလားရယူပေးနိုင်မယ်ဆိုရင် ဂုဏ်ယူရမယ့် အခိုက်အတန့်ဖြစ်လာပါလိမ့်မယ်။"

ဒါပေမယ့် အမ်ဘာပေက အိုလံပစ်ပြိုင်ပွဲမှာ ပြင်သစ်အသင်းမှာ ပါဝင်နိုင်ဖို့ သူ့ရဲ့ ကလပ်အသင်းကို အတိုက်အခံလုပ်ပြီး တောင်းဆိုမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

"အိုလံပစ်မှာ ကစားရဖို့ ကျနော် အကုန်းလုံးကို မထိန်းချုပ်နိုင်ပါဘူး။ ဟုတ်ပါတယ်။ ကျနော် သွားချင်ပါတယ်။ ဒါပေမယ့် ကျနော့် အလုပ်ရှင်ဖြစ်တဲ့ ကျနော့်ကလပ်က ကျနော့်ကို မသွားစေချင်ဘူးဆိုရင် ကျနော် အတိုက်အခံလုပ်ပြီး တိုက်ပွဲဝင်မှာ မဟုတ်ပါဘူး။"လို့ သူက ပြင်သစ်ဘောလုံးမဂ္ဂဇင်းကို ပြောဆိုခဲ့ပါတယ်။

သူ့ရဲ့ ကြံ့ခိုင်မှုအပေါ် စိုးရိမ်မှုများအတွက် အိုလံပစ်မှာ ကစားခွင့်ပြုဖို့ ချီတုံချတုံဖြစ်နေတဲ့ ပီအက်စ်ဂျီအသင်းရဲ့ အားကစာဒါရိုက်တာ လီယိုနာဒိုနဲ့ တွေ့ဆုံလိမ့်မယ်လို့ သူက ပြောပါတယ်။

၂၀၂၀ ယူရိုပြိုင်ပွဲကို ဇွန်လ ၁၂ ရက်ကနေ ဇူလိုင်လ ၁၂ ရက်အထိ မြို့ကြီး ၁၂ မြို့မှာ ကျင်းပမှာဖြစ်ပြီး အမျိုးသား အိုလံပစ် ဘောလုံးပြိုင်ပွဲကိုတော့ ဇူလိုင် ၂၃ ရက်ကနေ သြဂုတ် ၈ ရက်နေ့အထိ ကျင်းပဖို့ စီစဉ်ထားပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly