လက်ရွေးစင်လူစာရင်းမှကျန်ရစ်ခဲ့သော သန်းပိုင်၊မောင်မောင်လွင်၊ ရှိုင်းသူရ တို့ ယူ-၂၁အသင်းတွင် အရွေးခံရ

လက်ရွေးစင်လူစာရင်းမှကျန်ရစ်ခဲ့သော သန်းပိုင်၊မောင်မောင်လွင်၊ ရှိုင်းသူရ တို့ ယူ-၂၁အသင်းတွင် အရွေးခံရ
 ဗီယက်နမ် ဖိတ်ခေါ်ပြိုင်ပွဲအတွက် ပြင်ဆင်မှုများပြုလုပ်နေသည့် မြန်မာ ယူ-၂၁ အသင်း။(ဓာတ်ပုံ-ရွှေဘုတ်)

အောက်တိုဘာ ၂၇၊ ရန်ကုန်။            ။ ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်မှုများပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင် ယူ-၂၁ အသင်းတွင် လက်ရှိ လက်ရွေးစင်အသင်းမှ လူငယ်ကစားသမားများဖြစ်သောသန်းပိုင်၊ မောင်မောင်လွင်နှင့် ရှိုင်းသူရ တို့ကို အားဖြည့်ရွေးချယ်ခဲ့သည်။

မြန်မာ့လက်ရွေးစင် ယူ-၂၁ အသင်းကို နည်းပြချုပ်အဖြစ် ယူ-၁၆ အသင်းကို အာဆီယပြိုင်ပွဲတွင် ငွေတံဆိပ်ရန် စွမ်းဆောင်ပေးနိုင်ခဲ့သည့် အဲရစ်ဝီလျံက ကိုင်တွယ်မည် ဖြစ်ပြီး လက်ထောက်နည်းပြအဖြစ် ဦးညီညီလတ်နှင့် ဦးမျိုးမင်းထွန်း တို့က တာဝန်ယူဆောင်ရွက်မည် ဖြစ်သည်။

“ ဒီအသင်းကို တကယ့် ငယ်တဲ့ ကစားသမား များများနဲ့ တည်ဆောက်ချင်တယ်။ ငယ်တဲ့သူတွေနဲ့ လာမယ့် ဆီးဂိမ်းအတွက် ရည်ရွယ်ထားပါတယ်။ စည်းကမ်းနဲ့ပတ်သက်ပြီးတော့ မကောင်းတဲ့ကစားသမားအချို့ကို ဥက္ကဌနဲ့ တိုင်ပင်ပြီး ချန်လှပ်သွားဖို့ ရှိပါမယ်။ သူတို့အစား သန်းပိုင်၊ မောင်မောင်လွင်၊ ရှိုင်းသူရ စတဲ့ကစားသမားတွေ ထပ်ဖြည့်တာပါ။ လူစာရင်းကတော့ အယောက် ၂၀ ဖြတ်မယ်။ ဂိုးသမား နှစ်ယောက် ကစားသမား ၁၈ ယောက် ဖြတ်မှာပါ။ အသင်းကိုတော့ ဒီပြိုင်ပွဲအတွက်ရော ဆီးဂိမ်းအတွက်ပါ ရည်ရွယ်ပြီး အကောင်းဆုံး ပြင်ဆင်သွားမှာပါ ” ဟု ယူ-၂၁ နည်းပြချုပ် အဲရစ်ဝီလျံက အသင်းနှင့် ပတ်သက်၍ ပြောသည်။

ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲကိုဗီယက်နမ် နိုင်ငံ ဟိုချီမင်းမြို့တော်ရှိ သောင်နတ် အားကစားကွင်းတွင် နိုဝင်ဘာ ၂၀ ရက်မှ ၂၉ ရက်အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး မြန်မာ ယူ-၂၁ အသင်း အပါအဝင် ဗီယက်နမ် ထိပ်သီးကလပ် ဟောင်အန်းဂယ်လိုင် ယူ-၂၁ အသင်း၊ ထိုင်း ယူ-၂၁ အသင်း၊ စင်ကာပူ ယူ-၂၁ အသင်း၊ ဗီယက်နမ် ယူ-၂၁ အသင်းနှင့် တောင်ကိုရီးယား ယူ-၁၉ အသင်းတို့ ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး ပွဲစဉ်ဇယား ထွက်ပေါ်ခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly