လာမယ့် ရွေးကောက်ပွဲအတွက် အမျိုးသမီးအမတ်များ ဘာတွေပြင်ဆင်ထားလဲ

လာမယ့် ရွေးကောက်ပွဲအတွက် အမျိုးသမီးအမတ်များ ဘာတွေပြင်ဆင်ထားလဲ

ရန်ကုန်၊ဇန်နဝါရီ ၂၁။               ။ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ အမျိုးသမီး (၃၀) ရာခိုင်နှုန်း ပါဝင်နိုင်ရမည် ဆိုသော်လည်း ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ကျင်းပခဲ့သော ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် တိုင်းဒေသကြီးနဲ့ပြည်နယ် လွှတ်တော်အတွင်း အမျိုးသမီး ပါဝင်မှု ၁၀ ရာခိုင်နှုန်းလောက်သာ ရှိခဲ့ကြောင်း ရွေးကောက်ပွဲရလဒ် စာရင်းများအရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် အမျိုးသမီး လွှတ်တော်အမတ်များ အနေဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် မည်သို့ ပြင်ဆင်ထားကြပါသလဲ၊ မည်သည့် အခက်ခဲများ ရှိနေနိုင်ပါသလဲ၊ တိုင်းရင်းသား ပါတီများ အနေနှင့် လာမည့် ရွေးကောက်ပွဲ၌ အမျိုးသမီးများ ပါဝင်နိုင်ရေး မည်မျှအထိ အရေးပေး ဆောင်ရွက်နေပါသလဲ စသည့် ကိစ္စများနှင့် ပတ်သက်ပြီး တိုင်းရင်းသား ဒေသများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ် များကို မဇ္ဈိမက ဆက်သွယ် မေးမြန်း တင်ဆက်ထားပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေရီနို

“ကြိုတင်ပြင်ဆင်တာကတော့ ကျွန်မတို့က လက်ရှိ လွှတ်တော် ကိုယ်စားလှယ်ဆိုတော့ ပိုပြီး အလုပ်လုပ်နေရတာပေါ့နော်။

ထိန်းကျောင်းတဲ့ အပိုင်းမှာရော၊ ကိုယ်စားပြုတဲ့ အပိုင်းမှာရောပေါ့။ နောက်ပြီး အမျိုးသမီးတွေလည်း လုပ်နိုင်တယ် ဆိုတာ ကို ပိုပြီး လုပ်ပြရတာပေါ့၊ စိန်ခေါ်မှုတွေကတော့ ကျွန်မတို့မြို့နယ်မှာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ရော၊ ကယား တိုင်းရင်းသားရေးရာဝန်ကြီး အကုန်လုံးပေါင်းပြီးတော့မှ အမျိုးသမီးဆိုလို့ ကျွန်မတစ်ယောက်တည်း ရှိတာပေါ့နော်။

ကျွန်မတို့ ဒီသက်တမ်းမှာ လုပ်ပေးနိုင်ခဲ့တာရှိ သလို မလုပ်ပေးနိုင်တာလည်း ရှိတာပေါ့။ မလုပ်ပေးနိုင်ဘူးဆိုတာက အဓိက ဘတ်ဂျတ်ပေါ့။ ဘတ်ဂျတ်က ကိုယ်လိုချင်သလောက် မရတဲ့ အခါပေါ့နော်၊ လုံးဝမရဘူး လားဆို တော့လည်း မဟုတ်ဘူး။ ၅၀ ရာခိုင်နှုန်း လောက်ရတာပေါ့၊  နည်းနည်း စိတ်ရှည်ရမယ့် သဘောပေါ့။ လာမယ့် ရွေးကောက်ပွဲအတွက် ကတော့ အခုထိ မဆုံးဖြတ်ရ သေးဘူး။ ပါတီနဲ့ဆိုတဲ့ အခါကျတော့ ကျွန်မတို့ တစ်ယောက် တည်း ဆန္ဒနဲ့ လုပ်ရမှာ မဟုတ်လို့လေ။ ပြည်သူရဲ့ ဆန္ဒနဲ့ ကိုယ်စားလှယ်လောင်းတွေ ရွေးမှာဆိုတော့။”

ရခိုင်အမျိုးသားပါတီ(ANP)မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ

“ရခိုင်ပြည်နယ် မြောက်ပိုင်း အန်တီတို့ ဒေသဖက်မှာ အခုဆိုရင် တော်တော်များများ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ရွေးကောက်ပွဲ ရှိနိုင်မလား၊ မရှိနိုင်ဘူးလားဆိုတာ မသေချာသေးဘူး။ ဒါပေမယ့် အန်တီတို့ ဖက်ကတော့ ကြိုတင်ပြင်ထားဖို့ လိုအပ်တဲ့အတွက် လောလောဆယ်မှာတော့ အန်တီတို့ ပါတီတွင်းကနေ ပါတီမှာလည်း အမျိုးသမီးတွေကို ပါဝင်ခွင့်ပေးဖို့နဲ့ လူငယ်တွေကိုလည်း လွှတ်တော်အတွင်း ပါဝင်ခွင့်ပေးမယ်ဆိုပြီး မူဝါဒ ချမှတ်ထားတာရှိတယ်။ အဲဒါကြောင့် ဒီတစ်ခေါက် ရွေးကောက်ပွဲမှာတော့ အမျိုးသမီးတွေ ပါဝင်နိုင်ဖို့ ကြိုးစားနေတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်မှာကျတော့ နိုင်ငံရေးကို အမျိုးသမီးတွေ စိတ်ပါဝင်စားမှု အားနည်းတာကိုလည်း တွေ့ရတယ်။

နောက်ပြီး မငြိမ်မသက်ဖြစ်နေတဲ့ တိုက်ပွဲတွေကြားထဲမှာ အလုပ်လုပ် နေရတာဖြစ်တဲ့အတွက် အခက်ခဲတွေ အများကြီးရှိ တယ်။ အဲဒါကြောင့် ဒီတစ်ခေါက်မှာ အနည်းဆုံး အမျိုးသမီး ၃  ယောက်၊ ၄ ယောက်လောက် ပါဝင်နိုင်အောင် ကြိုးစား လုပ်ဆောင်နေတယ်။ လွှတ်တော်အတွင်းမှာ တကယ့် လုပ်နိုင်တဲ့ လူတွေလည်း လိုတယ်လေ၊ စိတ်ရှိဖို့လည်း လိုတယ် လေ။ ဒေသအတွင်းက မြေပြင် အခြေအနေကို ကွင်းဆင်းရမှာက လွှတ်တော်ကိုယ်စားလှယ်ရဲ့ တာဝန်သာဖြစ်တယ်။ အဲဒါကြောင့် အမျိုးသမီးတွေကို ဖိတ်ခေါ်ပါတယ်။ လောလောဆယ်မှာတော့ အမျိုးသမီး အင်အား အခုချိန်ထိ နည်းနေ သေးတယ်။ အဲဒါကြောင့် အမျိုးသမီးတွေ နိုင်ငံရေးဖက်ကို ပါလာဖို့ အများကြီး ကြိုးစား လုပ်ဆောင်နေပါတယ်”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း

“လာမယ့် ရွေးကောက်ပွဲ အတွက်ကတော့ အဓိက ကျွန်မတို့ စာရင်းတွေ ရပြီးတော့မှပဲ သေသေချာချာ ပြင်ဆင်လို့ ရမှာ ပေါ့နော်။ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ရဲ့ တာဝန်ကတော့ ၂၀၂၀ ရွေးကောက်ပွဲကို ဦးတည်ပြီးတော့လည်း မဟုတ်ဘူးလေ၊ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ရဲ့ တာဝန်က စည်းရုံးတာတွေ၊ လူထုနဲ့ တွေ့ဆုံတာတွေ၊ နောက်ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းတွေ၊ ဒါတွေကတော့ ကျွန်မစပြီး တာဝန်ယူကတည်းက လုပ်နေတာပေါ့နော်။ ၂၀၂၀ အတွက် ရည်ရွယ်ပြီး လုပ်တာကတော့ မရှိပါဘူး။ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ လုပ်တာ။ နောက်တစ်ခုရှိတာက ကျွန်မတို့ နာမည်စာရင်းက ပါတီက ထုတ်ပြန်ပေးရမှာ ဖြစ်တဲ့အတွက် အဲဒီထုတ်ပြန်ပြီးတော့မှပဲ ကျွန်မတို့ ပြင်ဆင်ပေးရမှာ ပေါ့နော်။ အဲဒီအခါဆို ကျွန်မတို့ ကမ်ပိန်း လုပ်ရမှာရှိမယ်။ ရွေးကောက်ပွဲ ကိုယ်စားလှယ် ရွေးရမယ်၊ အဲဒီလို လုပ်မယ့်ဟာ တော့ ရှိမှာပေါ့နော်။
သီးခြား လုပ်နေတာမျိုး တွေတော့ မရှိပါဘူးရှင့်၊ အမျိုးသမီး လွှတ်တော်အမတ်တွေကို တော်တော်များများ ကြည့်ရင်တော့ အားရတယ်လို့ ပြောလို့ရတယ်၊ ကျွန်မတို့လည်း အမြဲတမ်းကြည့်ဖြစ်တယ်။ ကျွန်မတို့ အလွဲအချော် ဖြစ်တာတွေတော့ ရှိတာပေါ့နော်။ အကုန်လုံး ကောင်းနေတာ မဟုတ်ပေမယ့် တော်တော်များများတော့ ကျွန်မတို့ အားရတယ်။ တာဝန်ပေး လိုက်တာထက် ပိုပြီးတော့ အားစိုက်ခွန်စိုက် လုပ်နိုင်တာကို တွေ့ရတယ်”

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းနီနီအေး

“အခုလက်ရှိက လွှတ်တော် ကိုယ်စားလှယ် ဖြစ်နေတယ်ဆိုတော့ လေလောလောဆယ် ကိုယ့်ရဲ့ မဲဆန္ဒနယ် သတင်းပဲ ကိုယ်လုပ်နေတာပဲလေ၊ အဲဒါပဲ ရှိသေးတယ်။ ကျန်တဲ့ ကိစ္စတွေကတော့ ပါတီရဲ့ ညွန်ကြားချက် အတိုင်းပဲ ဆက်လုပ်ရမှာ ပေါ့နော်။ တကယ်လို့ ပါတီက နာမည်ထည့်သွင်းလာတယ် ဆိုရင်တော့ စည်းရုံးရေးတွေကို သတ်မှတ်ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့အညီ လုပ်သွားမှာပေါ့။

လက်ရှိ သက်တမ်းမှာ လုပ်ပေးနိုင်ခဲ့တာက လမ်းတွေ၊ တံတားတွေ၊ မီးရရှိရေးတွေကို တင်ပြ လုပ်ပေးနိုင်ခဲ့တယ် ပေါ့နော်။ အမျိုးသမီး တစ်ယောက်အနေနဲ့ အခက်ခဲက အမျိုးသားနဲ့ ကွာတယ်။ သွားတာ၊ လာတာတွေကကျတော့ နည်းနည်းလေး အမျိုးသားလိုမျိုး ချက်ချင်းထွက်သွားလို့ မရတဲ့ အခြေနေမျိုး ရှိတာပေါ့၊ အဲဒါ နည်းနည်းလေးပါပဲ။ ကျန်တဲ့ဟာကတော့ အမျိုးသားတွေနဲ့ တူတူလုပ်နိုင်တာပဲ”

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly