ဇင်ဘာဘွေတွင် နောက်ထပ် ဆင် ၂၂ကောင် အဆိပ်မိသေဆုံး

ဇင်ဘာဘွေတွင် နောက်ထပ် ဆင် ၂၂ကောင် အဆိပ်မိသေဆုံး

ဟာရာရဲ၊ အောက်တိုဘာ ၂၇ ။            ။ ဇင်ဘာဘွေရှိ အကန့်အသတ်ဖြင့်သာ အမဲလိုက်ခွင့်ရှိသော အဓိကဘေးမဲ့တောကြီးအနီးတွင် သံသယဖြစ်ဖွယ် တရားမဝင်အမဲလိုက်သူများ၏ အဆိပ်ဖြင့်   သေဆုံးဟန်ရှိသော အနည်းဆုံးနောက်ထပ် ဆင်၂၂ကောင်ကို တွေ့ရှိရသည်ဟု အရာရှိတစ်ဦးက အောက်တိုဘာ ၂၇ တွင်ပြောကြားခဲ့သည်။

"မနေ့က ဆီနာမာတီလာဧရိယာမှာ ဆင်သေကောင် ၂၂ကောင်တွေ့ပါတယ်။ အခုချိန်ထိ ဆင်စွယ် ၃၅ခုလည်း တွေ့ထားပါတယ်"ဟု ပန်းခြံနှင့် သဘာဝတောရိုင်းတိရစ္ဆာန် စီမံခန့်ခွဲရေးအာဏာပိုင် အဖွဲ့မှ ပြောခွင့်ရအမျိုသမီး ကာရိုလိုင်းဝါရှာယာက အေအက်ဖ်ပီသို့ ပြောသည်။

"ကနဦးစုံစမ်းစစ်ဆေးမှုတွေအရတော့ ဆိုင်ယင်နိုက်အဆိပ်မိတာပါ။ ဆိုင်ယင်နိုက်လို အဆိပ်တွေနဲ့ တွေ့တဲ့လူတွေအတွက် တားဆီးပြစ်ဒဏ်တွေပေးဖို့ ကျွန်မတို့ ဆက်ပြီးစည်းရုံးနေပါတယ်။ ဒီလိုပုံစံမျိုးနဲ့ တောရိုင်းတိရစ္ဆာန်တွေကို ဆက်ပြီးအဆုံးရှုံးမခံနိုင်ပါဘူး"ဟု ၎င်းကပြောသည်။

ကာရီဘာအပမ်းဖြေမြို့ရှိ Hwange အမျိုးသားဥယျာဉ် အပြင်ဘက်နှင့် ဘော့ဆွာနာနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်အနီး သီးခြားနေရာနှစ်ခုတွင် ဆင် ၂၆ကောင် အဆိပ်မိသေဆုံးပြီးနောက် နှစ်ပတ်မကြာမီ ယခုဆင် ၂၂ကောင် အဆိပ်မိခြင်းဖြစ်သည်။

လွန်ခဲ့သည့်လကလည်း ဆင် ၁၄ကောင် အဆိပ်မိသေဆုံးခဲ့သည်။ ဇင်ဘာဘွေတွင် အရှေ့အာရှနိုင်ငံများသို့ ခိုးထုတ်ရန်အတွက်  အစွယ်နှင့် ဦးချိုရရန် ဆင်နှင့် ကြံ့များမှာ တရာမဝင်အမဲလိုက်သူများ၏ ပစ်မှတ်ဖြစ်နေသည်။

လွန်ခဲ့သည့်နှစ်ကလည်း ဆင် ၃၀၀ကျော်မှာ တရားမဝင်အမဲလိုက်သူများ၏ လက်ချက်ဖြင့် ဆိုင်ယင်နိုက်အဆိပ်မိ သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly