ကြက်သားတွင် ဆယ်မိုနဲလားပိုးပါဝင်မှုမရှိစေရန် မွေးမြူထုတ်လုပ်ရောင်းချမှုစနစ်များ ပြောင်းလဲသင့်

ကြက်သားတွင် ဆယ်မိုနဲလားပိုးပါဝင်မှုမရှိစေရန် မွေးမြူထုတ်လုပ်ရောင်းချမှုစနစ်များ ပြောင်းလဲသင့်

ရန်ကုန်၊ ဇန်နဝါရီ။          ။ကြက်သားအစိမ်းတွင် ဆယ်မိုနဲလားပိုးပါဝင်မှုမရှိစေရန် လက်ရှိမွေးမြူထုတ်လုပ်ရောင်းချ မှုစနစ်များကို ပြုပြင်ပြောင်းလဲရန်လိုကြောင်း မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်၏ သတင်းနှင့် မီဒီယာတာဝန်ခံ ဒေါက်တာသက်ခိုင်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“ခုတ်ထစ်ပြီးတဲ့ ကြက်သားတွေကို ဘယ်လိုရောင်းချသင့်သလဲ။ ကျွန်တော်တို့ လက်ရှိအနေအထားနဲ့ ရောဂါပိုးကင်းအောင် ဖြစ်နိုင်ပါ့မလား။  ကြက်သားအဖြစ်ထုတ်လုပ်ပြီးရင် အပူချိန် အနုတ် ၁၈ ဒီဂရီစင်တီဂရိတ်မှာ ထား ရမယ်။ သို့မဟုတ်အနုတ် ၄ ဒီဂရီမှာ သိမ်းထားလို့ရတယ်။ သို့သော် ကျွန်တော်တို့ဆီမှာ မနက်က ကြက်က ညနေအထိ ဒီတိုင်းပါပဲ။ စားသုံးသူအနေနဲ့လည်း သေချာခွဲပြီးထားမယ်။ သေချာကျက်အောင်ချက်မယ်။ ဒီဟာက အားလုံးမှာ တာဝန်ရှိတယ်ဆိုတာ ပြောချင်ပါတယ်” ဟု ၎င်းက ပြောသည်။

ပိုးပါဝင်သော အစားအစာများကို ကျက်အောင်ချက်လျှင် ဆယ်မိုနဲလားပိုးများသေသွားနိုင်သော်လည်း ပိုးပါသည့် အသားစိမ်းများကို ကိုင်တွယ်လျှင်ဖြစ်စေ၊ ရေဆေးလျှင်ဖြစ်စေ ပါဝင်သည့်ရောပိုးများမှာ အခြားနေရာကို ဆက်ပြန့်သွားနိုင်သောကြောင့် စားသုံးသူများနှင့် မွေးမြူရောင်းချသူများ၊ တာဝန်ရှိသူများအနေဖြင့် စနစ်တကျ ၊ မွေးမြူမှု၊ ထုတ်လုပ်မှုနှင့်ကိုင်တွယ်ရောင်းချမှုပြုလုပ်ရန်လိုအပ်နေကြောင်း  ဒေါက်တာသက်ခိုင်က ဆက် ပြောသည်။

“ရောဂါပိုးမွှားကင်းစင်ဖို့ဆိုရင် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်အနေနဲ့ကတော့ တောက်လျှောက်တိုက်တွန်းခဲ့တယ်။ သက်ဆိုင်ရာဌာနတွေကို တင်ပြခဲ့တာလည်း ရှိတယ်။ ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတယ်ဆိုတာ တင်ပြခဲ့တာရှိပါတယ်။  သို့သော် အစိုးရဌာနတွေမှာလည်း အခက်အခဲတွေရှိမှာပေါ့နော်။ ကျွန်တော်တို့ လက်ရှိအနေအထားနဲ့ ရောဂါပိုးကင်းအောင် ဖြစ်နိုင်ပါ့မလား။ အဲ့ဒါတွေ အားလုံးကိုရော မွေးမြူရေးသမားကိုပဲ ပုံချမှာ လားပေါ့” ဟု ၎င်းက ပြောသည်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (ရန်ကုန်)က ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပနှင့် သင်္ဃန်းကျွန်းမြို့နယ်ရှိ ဈေးများတွင် ရောင်းချနေသော ဗမာကြက်သားအစိမ်းနမူနာများနှင့် အသားတိုးမွေးမြူရေးကြက်သားအစိမ်း နမူနာများကို ဝယ်ယူ၍ ဓာတ်ခွဲစစ်ဆေးမှုတွေပြုလုပ်ခဲ့ရာဆယ်မိုနဲလားပိုးများ တွေ့ခဲ့ရပြီး ထိုပိုးများမှာ ပဋိဇီဝပိုး သတ်ဆေးယဉ်ပါးနေသည်ကို တွေ့ရှိခဲ့ရကြောင်း  စာတမ်းတစ်ခုကို ပြီးခဲ့သည့်ရက်ပိုင်းကပြုလုပ်သော မြန်မာနိုင်ငံကျန်းမာရေးသုတေသန၏ ညီလာခံတွင် ဖတ်ကြားခဲ့ခြင်းဖြစ်သည်။

ဆယ်မိုနဲလားပိုးသည် လူကို ဝမ်းပျက်ဝမ်းလျှော အပါအဝင် နာမကျန်းဖြစ်စေသည့် ဘက်တီးရီးယားပိုး ဖြစ်ပြီး အဆိုပါပိုးသည် ကြက်သားနှင့် အခြားအသားများတွင် တွေ့ရလေ့ရှိသော်လည်း ယခုသုတေသနစာစောင် ဖတ်ကြားမှုပြီးနောက် လူထုကြားတွင် စိုးရိမ်မှုများမြင့်တက်လာခဲ့သည်။

အဆိုပါ သတင်းကြောင့် ကြက်သားဝယ်ယူမှုနှင့် ဈေးနှုန်းကျဆင်းမှုများဖြစ်ပေါ်နေသောကြောင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံကြက်၊ ဘဲမွေးမြူထုတ်လုပ်ရောင်းချသူများအသင်းတို့က ဇန်နဝါရီလ ၂၁ ရက်နေ့တွင် သတင်းစာရှင်းလင်းမှုတစ်ရပ်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် မိရိုးဖလာကြက်မွေးမြူမှုနှင့် ကြက်သားထုတ်လုပ်ရောင်းချမှုများပုံစံသည် သန့်ရှင်းမှုနှင့် နည်းစနစ်များအားနည်းနေပြီး ဝယ်ယူသူများဘက်ကလည်း အသိပညာအားနည်းမှုရှိနေကြောင်းမင်္ဂလာတောင်ညွန့် ကြက်ဘဲဈေးသာယာ ရေးတွဲဖက်အတွင်းရေးမှူး ဦးခင်မောင်လွင်က ပြောသည်။

“ဆယ်မိုနဲလားက ခုမှ တွေ့တာလား။ ကျွန်တော်တို့ တစ်သက်လုံးစားနေတာလားပေါ့။ ကျွန်တော်ရောင်းဖူးတယ်။ ကျွန်တော်သိသလောက် သွေးထုတ်တယ်။ ရေခဲရေနဲ့ ဆေးတယ်။ ရေခဲပုံးနဲ့ လုပ်တယ်။ စားသုံးသူက လုံးဝမ စားဘူး။ ဘေးက အငွေ့ထွက်နေတဲ့ အသားပဲ ဝယ်ကျတယ်။ စားသုံးသူက ဘယ်လိုသွားလဲပေါ့နော်။ ရှင်းရှင်းပြောရရင် ဥပဒေပြဋ္ဌာန်းရမှာ။ ကြက်သားကို ဘယ်လိုရောင်းလို့ မရဘူးဆိုတာ”  ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် မွေးမြူသူများစုပေါင်း၍ နိုင်ငံတကာစံနှုန်းနှင့် ကိုက်ညီသော သားသတ်ရုံ ရှစ်ရုံကို တည်ထောင်ထားရှိပြီး ကြက်၊ဘဲထုတ်လုပ် ရောင်းချမှုများအနေဖြင့် ပြုပြင်ပြောင်းလဲမှုလို အပ်နေကြောင်း သက်ဆိုင်ရာဌာနအသီးသီးကို တိုက်တွန်းမှုများလည်း ပြုလုပ်ခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly