ဈေးကွက်အတွင်း ရောက်ရှိနေသည့် ကြက်သားစိမ်းများကို သေချာစွာ ချက်ပြုတ်စားသင့်

ဈေးကွက်အတွင်း ရောက်ရှိနေသည့် ကြက်သားစိမ်းများကို သေချာစွာ ချက်ပြုတ်စားသင့်
ဓာတ်ပုံ - နန့်ခိုင်

ဇန်နဝါရီ ၂၁ ရက်။              ။ ဈေးကွက်ထဲ ရောက်ရှိနေတဲ့ ကြက်သားစိမ်းတချို့မှာ  ဆေးယဉ်ပါးနေသော  ဆယ်မိုနဲလားဗက်တီးရီးယားပိုး  (Saimonella) တွေ့ရှိနေတဲ့အပေါ် ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုမရှိဘဲ  သေချာစွာ ချက်ပြုတ်စားသုံးသင့်‌ကြောင်း ဆေးသုတေသနဦးစီးဌာန ၊ ညွန်ကြားရေးမှူး ဒေါက်တာ ဝင်းမော်ထွန်းက ပြောသည်။

 မကြာသေးခင် ရက်ပိုင်းက ဆေးသုတေသနဦးစီးဌာနတွင် ပြုလုပ်သည့်  မြန်မာနိုင်ငံဆိုင်ရာ ကျန်းမာရေးသုတေသန ညီလာခံမှာ တင်သွင်းခဲ့သော  စာတမ်းတစ်စောင်အားဖြင့်  ရန်ကုန်မြို့၊   တောင်ဥက္ကလာပမြို့နယ် ၊ မြောက်ဥက္ကလာပမြို့နယ်  နှင့် သင်္ယန်းကျွန်းမြို့နယ်  ဈေးများရှိ  ကြက်သားစိမ်းအချို့မှာ  ပဋိဇီဝဆေးယဉ်ပါးနေသည့်   ဆယ်မိုနဲလားပိုး အများဆုံး တွေ့ရှိနေကြောင်း သိရသည်။

အခုတွေ့ရှိနေရသော ဆယ်မိုနဲလားဗိုင်းရပ်စ်ပိုးသည်  အစာအဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်တာကြောင့် အဆိုပါ ဗက်တီးရီးယားပိုးပါဝင်သော  ကြက်သားများကို ကျက်အောင်ချက်ပြုတ်ရင် ပိုးသေနိုင်ကြောင်း ၊  အသားစိမ်း ကိုင်ထားသောလက်ကိုလည်း သေချာစွာဆေးကြောသန့်စင်ရန် လိုအပ်သလို အသားစိမ်းများနှင့်  ချက်ပြုတ်ပြီးသား အစားအစာများ  အတူမထားသင့်ကြောင်း  ညွှန်ကြားရေးမှူး ဒေါက်တာ ဝင်းမော်ထွန်းက ပြောသည်။

ဆေးသုတေသနဦးစီးဌာန ၊ ညွန်ကြားရေးမှူး ဒေါက်တာ ဝင်းမော်ထွန်းမှ  “  ဒီသုတေသနစာတမ်း နှင့်ပတ်သက်ပြီး ၊ကြက်သားစိမ်းတွေမှ ပိုးတွေ့ရှိမှု နှင့်ပတ်သက်ပြီး လူတွေ ဘာတွေ သိထားသင့်လဲဆိုတော့ ကြက်သား စားရင် သေသေချာချာ  ချက်ပြုတ်စားပါ ။ ကြက်သားစိမ်းတွေကို ကိုင်တွယ်ပြီးတဲ့အခါ ကိုင်တွယ်သူရဲ့ လက် ၊ ပြီးတော့ ကိုင်တွယ်ရမှာ ထိတွေ့တဲ့ပစ္စည်း တွေကို သေချာအောင် ဆပ်ပြာရေနဲ့  စင်ကြယ်အောင်ဆေးကြောပါ။

 

တတိယတစ်ချက်အနေနဲ့ သားစိမ်းငါးစိမ်းတွေကို သိုလှောင်တဲ့အခါ အလွယ်တကူစားသောက်လို့ရတဲ့ အစားအသောက်တွေနဲ့ မသိုလှောင်မသိမ်းဆည်းပါနဲ့ ၊ ဒီအချက် ၃ ချက်ကို သတိထားရင် လူတွေစိတ်ပူတဲ့ အန္တရာယ်မဖြစ်  နိုင်ဘူးလို့ ပြောချင်တယ် “ ကြက်သားစားလို့ ဆယ်မိုနဲလားပိုးကြောင့် အန္တရာယ်မဖြစ်နိုင်ပါဘူး ဟု ပြောသည်။

ဗက်တီးရီးယားပိုးများအနက် တစ်ခုအပါအဝင်ဖြစ်သည့် ဆယ်မိုနဲလားပိုးသည် အောက်ဆီဂျင်မရှိသော  နေရာများမှ ပေါက်ပွားနိုင်စွမ်း ရှိကြောင်း သိရသည်။  အဆိုပါ  ဆယ်မိုနဲလားဗိုင်းရပ်စ်ပိုးသည်  အများအားဖြင့်  တိရစ္ဆာန်တွေမှာ တွေ့ရတက်ပြီး ၊ တခြား နို့  နှင့် နို့ထွက်ပစ္စည်း  ၊ အသားစိမ်း ၊ ဟင်းခတ်အမွေးအကြိုင်များတွင် ပါဝင်နိုင်ကြောင်း သိရသည်။   

 ဆယ်မိုနဲလားပိုး ပါဝင်သည့်  ကြက်သားကို ရုတ်တရုတ်စားမိရင်တော့ ၄ နာရီ မှ ၆ နာရီ အကြားမှာ ရောဂါလက္ခဏာပြနိုင်ပြီး ထိရောက်တဲ့ကုသမှုကို ခံယူသင့်ကြောင်း  ညွန်ကြားရေးမှူး ဒေါက်တာ ဝင်းမော်ထွန်းက ပြောသည်။

“ စားမိလို့ ခန္တာကိုယ်ထဲ ရောက်သွားရင် ဥပမာ- ပိုးပွားဖို့ အချိန်တစ်ခုလိုတယ်။ အကြမ်းအားဖြင့် ၁၆ နာရီ ကနေ ၁၈ နာရီ ကြာရင်လည်း ကြာမယ်။ အဲ့တာပြီးရင် တကယ်ရောဂါပေးနိုင်တဲ့ အနေအထားပွားလာရင် ရောဂါလ  က္ခဏာ စပြလာမယ်။ အနည်းဆုံး စားပြီး ၄ နာရီ ကနေ  ၆  နာရီ ကြာတဲ့အခါ ရောဂါလက္ခဏာ စဖြစ်နိုင်မယ်။ ရောဂါလက္ခဏာစဖြစ်ပြီး ဒီရောဂါပွားနေပြီ ။ အဲ့တာကို ထိရောက်တဲ့ကုသမှု ပေးဖို့ လိုတယ်။ အဲ့တာကလည်း ဆေးယဉ်ပါးတဲ့ ဆေးမဟုတ်ဘဲ ဒီပိုးကို သတ်နိုင်တဲ့ ဆေးမျိုးရွေးချယ်ပေးနိုင် ဖို့ လိုတယ် “ ဟု ၎င်း က ပြောသည်။

ကြက်သားများထဲ ဆယ်မိုနဲလား ဗက်တီးရီးယားပိုး တွေ့ရှိရမှုနှင့် ပတ်သက်ပြီး ဈေးကွက်အတွင်းရှိ ကြက်သားစိမ်း များ နှင့်  ကြက်အရှင်များကို စမ်းသပ်မှုဆက်လုပ်သင့်ကြောင်း ဆေးသု တေသနဦးစီးဌာနထံမှ သိရသည်။

 
    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly