အင်တာပို အကြီးအကဲဟောင်း ထောင် ၁၃ နှစ် ချမှတ်ခံရ

အင်တာပို အကြီးအကဲဟောင်း ထောင် ၁၃ နှစ် ချမှတ်ခံရ

ဇန်နဝါရီ ၂၁။             ။ နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပို)၏ အကြီးအကဲဟောင်း တရုတ်နိုင်ငံသား မန်ဟောင်ဝေသည် လာဘ်စားမှုအတွက် ဇန်နဝါရီ ၂၁ ရက်တွင် ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံလိုက်ရကြောင်း သိရသည်။

မစ္စတာ မန်ဟောင်ဝေသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က တရုတ်နိုင်ငံသို့ ပြန်လာခဲ့စဉ် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီး ယင်းနောက် လာဘ်ယူမှုဖြင့် စစ်ဆေးခံခဲ့ရသူဖြစ်သည်။

နိုင်ငံတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆိုင်ရာ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ကမ်ပိန်းအတွင်း ဖမ်းဆီးခံရသည့် ကွန်မြူနစ်ပါတီ အဆင့်မြင့်အရာရှိကြီးများထဲတွင် အင်တာပိုအကြီးအကဲဟောင်း မန်ဟောင်ဝေလည်း တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်။

တရုတ်ခေါင်းဆောင်၏ နိုင်ငံရေးပြိုင်ဘက်များကို ဖယ်ရှားရေး ရည်ရွယ်ချက်ဖြင့် ယင်းကမ်ပိန်းကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဝေဖန်သူများကလည်း ဝေဖန်ထားသည်။

 မစ္စတာ မန်ဟောင်ဝေသည် ၂၀၁၈ ခုနှစ်က အင်တာပို ရုံးချုပ်ရှိရာ ပြင်သစ်ကနေ တရုတ်တို့ အလည်အပတ်ပြန်လာခဲ့စဉ် ရုတ်တရက် ပျောက်ဆုံးသွားပြီး ယင်းနောက် တရုတ်အာဏာပိုင်များ၏ ဖမ်းဆီးစစ်ဆေးခြင်းကို ခံနေရသည်ဟု ထုတ်ဖော်သိရှိခဲ့သည်။

၎င်းသည် လာဘ်စားထားခဲ့သည်ဟု စွပ်စွဲခံခဲ့ရပြီး တရုတ်ကွန်မြူနစ်ပါတီကနေလည်းထုတ်ပယ်ခံခဲ့ရသည်။ယခုအခါ ၎င်းအား ထောင်ဒဏ် ၁၃ နှစ် နှင့် ခြောက်လ ၊ ဒဏ်ငွေ ဒေါ်လာ ၂၉၀,၀၀၀ တို့ကို ချမှတ်လိုက်ကြောင်း တီအန်ကျင်း တရားရုံးက ထုတ်ပြန်သွားသည်။၎င်း၏ ဇနီးဖြစ်သူမှာမူ ပြင်သစ်တွင် နိုင်ငံရေး ခိုလှုံခွင့် ရရှိထားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly