ရီနေယာ ဂျီးဆပ်ကို ပေါင် (၂၆)သန်းနဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီလို့ ရီးယဲလ် ကြေညာ

ရီနေယာ ဂျီးဆပ်ကို ပေါင် (၂၆)သန်းနဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီလို့ ရီးယဲလ် ကြေညာ

ရီးယဲလ်မက်ဒရစ်အသင်းသည် ဖလာမင်ဂိုအသင်းမှ အသက် ၁၈ နှစ်အရွယ်ရှိ ဘရာဇီးလ်ယူ-၂၃ လက်ရွေးစင် ကွင်းလယ်ကစားသမား ရီနေယာ ဂျီးဆပ်ကို ပေါင် (၂၆)သန်းဖြင့် အပြီးသတ်စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်တယ်လို့ တနင်္လာနေ့က အတည်ပြုကြေညာခဲ့ပါတယ်။

ရီးယဲလ်အသင်းဟာ ရီနေယာကို ခေါ်ယူဖို့ အစောပိုင်းကတည်းက သဘောတူညီမှု ရရှိခဲ့ပေမယ့် အသက် ၁၈ နှစ်မပြည့်သေးလို့ အတည်ပြုကြေညာဖို့ စောင့်နေခဲ့တာလည်းဖြစ်ပါတယ်။

သူဟာ တနင်္ဂနွေနေ့က အသက် ၁၈ နှစ်ပြည့်ခဲ့ပြီးနောက် တနင်္လာနေ့မှာ ရီးယဲလ်ကစားသမားဖြစ်လာခဲ့တာပါ။

စပိန်ကလပ်က (၆)နှစ်စာချုပ်ချုပ်ဆိုခဲ့တဲ့ ရီနေယာဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ၃၁ ရက်က ဖလာမင်ဂိုအတွက် သူ့ရဲ့ စီနီယာ ပွဲဦးထွက် ကစားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ဖလာမင်ဂိုးအသင်း ဘရာဇီးလ်လိဂ်ဖလားနဲ့ တောင်အမေရိကချန်ပီယံလိဂ်ဖလား (Copa Libertadores)ဆု ဆွတ်ခူးခဲ့ရာမှာ သူဟာ အသင်းရဲ့ အစိတ်အပိုင်းအနေနဲ့ ပါဝင်ခဲ့ပါတယ်။

"ဘောလုံးလောကရဲ့ ထိပ်ဆုံးအသင်းဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်မှာ ကစားသမားဖြစ်လာဖို့ အိပ်မက်ဟာ တကယ်ဖြစ်လာလို့ ကျနော် အရမ်းပျော်ပါတယ်။"လို့ ရီနေယာက ပြောပါတယ်။

ရီနေယာဟာ လက်ရှိအချိန်မှာ ဘရာဇီးလ်ယူ-၂၃ အသင်းနဲ့အတူ ကိုလံဘီယာနိုင်ငံမှာ အိုလံပစ်ခြေစစ်ပွဲ ယှဉ်ပြိုင်ကစားနေပြီး ၎င်းပြိုင်ပွဲပြီးမှသာ ရီးယဲလ်နဲ့ ပူပေါင်းမယ်လို့ သိရပါတယ်။

ရီးယဲလ်အသင်းဟာ ဘရာဇီးလ်လူငယ်ကစားသမားတွေဖြစ်တဲ့ ဖလာမင်ဂိုးအသင်းမှ ဗီနီစီးယပ်စ်ကို ၂၀၁၇ မေလ ၂၃ ရက်နေ့က ယူရို ၄၅ သန်းနဲ့ သဘောတူညီမှုရရှိခဲ့သလို ဆန်းတို့စ်အသင်းမှ ရိုဒရီဂိုကိုလည်း ၂၀၁၈ ဇွန် ၁၅ ရက်နေ့မှာ ယူရို ၄၅ သန်းနဲ့ သဘောတူညီခဲ့ပြီးနောက် ယခုအခါ ရီနေယာကို ယူရို ၃၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြန်ပါတယ်။ ဒါ့ကြောင့် ရီးယဲလ်ဟာ ဘရာဇီးလ်လူငယ်ကစားသမား (၃)ယောက်အတွက် စုစုပေါင်း ယူရို (၁၂၅)သန်း အသုံးပြုခေါ်ယူခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly