ဒုံးကျည်ထိမှန်ပြီးပျက်ကျခဲ့သည့်ယူကရိန်းလေယာဉ်၏ Black Box ကို ပြန်ပေးရန် ယူကရိန်းသမ္မတောင်းဆို

ဒုံးကျည်ထိမှန်ပြီးပျက်ကျခဲ့သည့်ယူကရိန်းလေယာဉ်၏ Black Box ကို ပြန်ပေးရန် ယူကရိန်းသမ္မတောင်းဆို

ကိယက်ဗ်၊ ဇန်နဝါရီ ၂၁ ။                    ။ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီးသည် အီရန်မှ ယူကရိန်းလေယာဉ်ပျက်ကျမှုကို တရားဝင်တောင်းပန်ရန် ကိယက်ဗ်သို့ရောက်နေသော လမ်းနှင့်မြို့ပြဖွံ့ဖြိုးမှုဝန်ကြီး  မိုဟာမက်အီစလာမီနှင့် တွေ့ဆုံစဉ် ပစ်ချခံရသည့်လေယာဉ်၏ Black Box  များပြန်လည်လွှဲပြောင်းပေးရေးအတွက် ဇန်နဝါရီ ၂၀ ရက်က တိုက်တွန်းပြောဆိုလိုက်သည်။

အီရန်ဘက်က Black Box များ ဆက်လက်ထိန်းသိမ်းထားချင်နေသည့်အတွက် ထိုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။ ကနေဒါကလည်း ပြင်သစ် သို့မဟုတ် ယူကရိန်းသို့ လွှဲပြောင်းရန် ထပ်တလဲလဲ တောင်းဆိုခဲ့သည်။

သမ္မတ ဇီလန်စကီး၏ ထုတ်ပြန်ချက်တွင် ယူကရိန်း၌ Black Box (အသံနှင့်ပျံသန်းမှု မှတ်တမ်းတင်ကိရိယာ) ၏ အချက်အလက်များကို ဖတ်ရန် နည်းပညာပိုင်းဆိုင်ရာစွမ်းဆောင်မှုများနှင့် အတွေ့အကြုံရှိသော အထူးကျွမ်းကျင်သူများရှိကြောင်း၊ နှစ်နိုင်ငံစလုံးသည် ပျက်ကျလေယာဉ်၏ အပျက်အစီး အပိုင်းအစများကို ယူကရိန်းသို့ ပြန်ပေးရန် သဘောတူညီချက်ရထားကြောင်း၊ သေဆုံးသွားသူများ၏ မိသားစုဝင်များကို နစ်နာကြေးပေးရေးကိစ္စများကိုလည်း အီရန်အားတင်ပြထားကြောင်း ရေးသားထားသည်။

အီရန်ဘက်မှ ကိုယ်စားလှယ်များသည် နည်းပညာပိုင်းဆိုင်ရာများလေ့လာရန် မကြာမီအချိန်အတွင်း ယူကရိန်းသို့ သွားကြမည်ဖြစ်သည်။

အီရန်နှင့်အမေရိကန် ဆက်ဆံရေးတင်းမာနေစဉ်အတွင်း ယူကရိန်းလေကြောင်းလိုင်းပိုင်း ဘိုးရင်း ၇၃၇ သည် ဇန်နဝါရီ ၈ ရက်က တီဟီရန်လေဆိပ်မှပြန်တက်အပြီး သိပ်မကြာမီ အီရန်စစ်တပ်၏ မတော်တဆ မှားယွင်းပစ်ချမှုကိုခံခဲ့ရကာ လေယာဉ်ပေါ်ပါသူ ခရီးသည် ၁၇၆ ဦးစလုံး အသက်ဆုံးရှုံးခဲ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required