ကွဲပြားမှုများလွန်းရင် ဖွဲ့စည်းပုံပြင်ရန် ပိုဝေးလာမည်

ကွဲပြားမှုများလွန်းရင် ဖွဲ့စည်းပုံပြင်ရန် ပိုဝေးလာမည်

နေပြည်တော်၊ ဇန်နဝါရီလ ၂၀ ရက် ။        ။ ကွဲပြားမှု အရမ်းများ နေပါက ဖွဲ့စည်းပုံပြင်ရေးသည် တဖြည်းတဖြည်း ပို၍ ဝေးလာမည်ဟု ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၅ဦး ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက သတိပေးပြောဆိုလိုက်သည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဥပဒေကြမ်းနှစ်ခုကို အတည်ပြု ဆုံးဖြတ်ချက် ချသည့် နောက်ဆုံးအစည်းအဝေးအပြီး သတင်းထောက်များနှင့် တွေ့ဆုံစဉ် ယခုကဲ့သို့ ပြောဆိုခဲခြင်း ဖြစ်သည်။

“ ၇၅ ရာခိုင်နှုန်းကျော်မှ ပြင်လို့ရမယ်ဆိုတာ ပြဌာန်းချက်ပဲ မကျော်ရင် ဘယ်လိုလုပ်မလဲဆိုတော့ မကျော်ရင် ဘယ်လိုမှ လုပ်လို့မရဘူး။ အဲ့တော့ ကျွန်တော်တို့ လုပ်ဖို့ဟာက ၇၅ ရာခိုင်နှုန်းကျော်ဖို့ပဲ ။ ၇၅ ရာခိုင်နှုန်း ကျော်ဖို့ဟာ ဘယ်လိုလုပ်ရမလဲ။ အားလုံးညီညွတ်မှ ရမယ်။ ညီညီညွတ်ညွတ်နဲ့ လုပ်နိုင်ရင်တော့ ပြည်သူ့ လိုလားချက်ကို ကျွန်တော်တို့ အစစ်အမှန် ဖြည့်ဆည်းပေးနိုင်လိမ့်မယ်။ မဟုတ်ဘဲ နဲ့ တကွဲတပြားစီ သွားနေမယ် ဆိုရင်တော့ ကျွန်တော် တို့ ပြည်သူ့ဆန္ဒကို ဖြည့်ဆည်း ပေးနိုင်မှာ မဟုတ်ပါဘူး” ဟု ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီက ရေးဆွဲခဲ့သည့် ဥပဒေမူကြမ်းနှစ်ခုကို ကော်မတီဝင်များဖြစ်သည့် NLD ၊တစည၊ မွန်ပါတီ၊ကိုးကန့်၊ ကချင်နှင့် ပအိုဝ့် တိုင်းရင်းသား ပါတီ ကိုယ်စားပြုသူများက လက်မှတ်ရေးထိုးခဲ့ကြသည်။

ဥပဒေကြမ်းများကို တင်သွင်းရန်အတွက် အနည်းဆုံး ကိုယ်စားလှယ် ၂၀ရာခိုင်နှုန်းက လက်မှတ်ရေးထိုးရမည် ဖြစ်သောကြောင့် လာမည့် ၂၃ရက်နေ့တွင် နေပြည်တော် စည်ပင် ဧည့်ရိပ်သာ အမှတ်၂တွင် ကိုယ်စားလှယ်များ လက်မှတ် ရေးထိုးရန် ဖိတ်ခေါ်ထားသည်။

ပြင်ဆင်ရန် တင်သွင်းမည့် ဥပဒေကြမ်းများတွင် တိုင်းရင်းသားများ လိုချင်သည့် အတိုင်း အတာ အပြည့် အဝ မရနိုင်သေးသော်လည်း တိုင်း ရင်းသားများ လိုချင်သည့် အစိတ်အပိုင်းများ ပါဝင်မည်ဟု ယူဆကြောင်း တိုင်းရင်းသား ကိုယ်စား လှယ် အချို့က ဆိုသည်။

“ခင်ဗျားတို့ရဲ့ ၂၆၁ က ဘယ်လိုလဲဆိုတာ ဒါကတော့ ကျွန်တော်တို့က ဒီတစ်ခုတည်းပြင်ဆင် ချင်တာ မဟုတ်ဘူး ကျွန်တော်တို့က တိုင်းရင်းသား လူမျိုးတစ်မျိုးအတွက် ပြင်ဆင်ချင်တာ မဟုတ်ဘူး တစ်နိုင်ငံလုံး တစ်တိုင်းပြည်လုံးအတွက် လိုအပ်တာတွေကို ပြင်ဆင်ချင်တယ်ပေါ့နော်။ ဒါကြောင့်ဒါပါတာ မပါတာကတော့ အဓိကမဟုတ်တော့ဘူး။ တစ်နိုင်ငံလုံး ချုံပြီးတော့မှ ပြင်ဆင်ရေးကို သွားချင်တာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ တိုင်းရင်းသားတွေလည်း ဒီပြင်ဆင်ရေးကို သဘော ကျပါတယ်” ကချင်ပြည်သူ့ပါတီဝင် အင်ဂျန်းယန် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးလမာနော်အောင်ကပြောသည်။

လက်ရှိတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ကြံ့ခိုင်ရေးနှင့် တပ်မတော်က တင်သွင်းထားသည့် ဥပဒေကြမ်း ငါးခုရှိနေသဖြင့် ပူးပေါင်းကော်မတီက တင်သွင်းမည့် ဥပဒေကြမ်းနှစ်ခုနှင့်ပေါင်းပါက ဥပဒေကြမ်း ခုနှစ်ခု ရှိလာမည် ဖြစ်သည်။ အဆိုပါ ဥပဒေကြမ်းခုနှစ်ခုကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီနှင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီတို့ စုပေါင်းဖွဲ့စည်းမည့် လေ့လာစီစစ်ရေး ပူးပေါင်းကော်မတီက လေ့လာစီစစ်မှုများ ပြုလုပ်မည် ဖြစ်သည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အချက်ပေါင်း၃၇၆၅ချက်ကို ပြင်ဆင်ရေး ပူးပေါင်းကော်မတီက လွှတ်တော်၏ သဘောတူညီချက် ရယူထားပြီး ပြင်ပက အကြံပြုချက် ၂၁ချက်ရှိသည်ဟု ကော်မတီ ပြောရေးဆိုခွင့် ရှိသူများက ထုတ်ပြန်ပြောဆိုထားသော်လည်း အသေးစိတ် အချက်အလက် များ ကို လွှတ်တော်ဥပဒေများကြောင့် ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။ သို့ရာတွင် ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေမူကြမ်းများကို ပြည်သူများသိရှိစေရန် ကြေညာပေးမည်ဟု ပြောဆိုထားသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီကို စတင်ဖွဲ့စည်းစဉ်က ကိုယ်စားလှယ် အချိုးအစားအလိုက် ၄၅ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သော်လည်း လက်ရှိတွင် ငါးဦးနှုတ်ထွက်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly