ရခိုင် ပဋိပက္ခတွင် စစ်ရာဇဝတ်မှုများနှင့် ကြီးလေးသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိခဲ့

ရခိုင် ပဋိပက္ခတွင် စစ်ရာဇဝတ်မှုများနှင့် ကြီးလေးသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိခဲ့
ဓာတ်ပုံ.နေပြည်တော် pool

နေပြည်တော်၊ ဇန်နဝါရီ ၂၀၊၂၀၂၀ ။               ။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ၂၀၁၇ခုနှစ်အတွင်းက အာဆာအဖွဲ့၏ တိုက်ခိုက်မှု နောက်ဆက်တွဲ နယ်မြေရှင်းလင်းမှုများတွင် စစ်ရာဇဝတ်မှု များနှင့် ကြီးလေးသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် မြန်မာ့ လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင် ပတ်သက် ခဲ့သည်ဟု ဖိလစ်ပိုင် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးဟောင်းဦးဆောင်သည့် လွပ်လပ်သော စုံစမ်း စစ်ဆေး ရေး ကော်မရှင်က သတင်းထုတ်ပြန်သည်။

စာမျက်နှာ ၄၆၀ ကျော်ပါရှိသည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာကို ဇန်နဝါရီ ၂၀ရက်နေ့က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ထံ ကော်မရှင်က တင်သွင်းခဲ့ပြီ ဖြစ်သည်။

အဆိုပါအစီရင်ခံစာအတွက် ရခိုင်မြောက်ပိုင်းက မွတ်ဆလင်များ ရခိုင်၊ မြို ၊ ဒိုင်းနက် စသော မတူညီသည့် အစုအဖွဲ့များအပြင် စစ်တပ်၊ ရဲတပ်ဖွဲ့ ဝင်များနှင့် မျက်မြင်သက်သေ ၁၅၀၀ ခန့်ကို တွေ့ဆုံမေးမြန်း ရေးသားခဲ့ခြင်း ဖြစ်သည်။

ရရှိထားသည့် သတင်းအချက်အလက်များနှင့် လုပ်ဆောင်ခဲ့သည့် စုံစမ်းစစ်ဆေးမှုများအရ စစ်ရာဇဝတ်မှုများ ကြီးလေးသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပြည်တွင်းဥပဒေ ချိုးဖောက်မှုများကို မတူညီသည့် လူပေါင်းစုံက ကျူးလွန်ခဲ့ပြီး အဆိုပါကျူးလွန်သူများထဲတွင် မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်များလည်း ပါဝင်ပတ်သက်ခဲ့သည်ဟု ကော်မရှင်က သတင်းထုတ်ပြန်သည်။

ယင်းကဲ့သို့ ကျူးလွန်မှုများရှိသော်လည်း လူ့အဖွဲ့အစည်းတစ်ခုကို ဖျက်စီးလိုသည့် အစီအစဉ် သိုပမဟုတ် ရည်ရွယ်ချက်တစ်ခုအတွက် သတ်ဖြတ်မှုများနှင့် နေရပ်စွန့်ခွာစေသည့် လုပ်ရပ်များကို တမင် ကျူးလွန်ခဲ့သည်ဆိုသော အထောက်အထားမျိုး မတွေ့ရကြောင်း ကော်မရှင်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လွပ်လပ်သော စုံစမ်းစစ်ဆေးမှု ကော်မရှင်ကို ၂၀၁၈ ခုနှစ် ဇူလိုင်လကုန်က ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံ ဒုတိယနိုင်ငံခြားရေး ဝန်ကြီးဟောင်း မစ္စရိုဆာရီယိုမာနာလိုက ကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ အဖွဲ့ဝင်များအဖြစ် ဂျပန်နိုင်ငံသား ကင်ဇိုအိုရှီးမား၊ မြန်မာနိုင်ငံ အခြေခံ ဥပဒေခုံရုံး ဥက္ကဋ္ဌဟောင်း ဦးမြသိန်းနှင့် ဒေါက်တာ အောင်ထွန်းသက် တို့ ပါဝင်ခဲ့သည်။

ဓာတ်ပုံ.နေပြည်တော် pool

မြန်မာအစိုးရနှင့် တပ်မတော်အနေဖြင့် အစီရင်ခံစာပါ တွေ့ရှိချက်များအပေါ် စုံစစ်စစ်ဆေးမှုများ လုပ်ဆောင်သွားရမည်ဖြစ်သည်။

အစီရင်ခံစာ အပြည့်အစုံတွင် ARSA တိုက်ခိုက်မှုများ စတင်ခဲ့သည့် ၂၀၁၇ သြဂုတ် ၂၅ ကနေ စက်တင်ဘာ ၅ ရက်အထိ မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့၏ နောက်ဆက်တွဲ တုန့်ပြန်မှုများကို အသေးစိတ် ခွဲခြမ်း လေ့လာ ထားပြီး ရခိုင်ပြည်နယ်၏ နောက်ခံသမိုင်းကြောင်းအခြေအနေများနှင့် ပဋပက္ခများ ကိုလည်း ဖော်ပြထားသည်ဟု ကော်မရှင်က သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် လူမျိုးတုန်းသတ်ဖြတ်မှုများ ရှိသည်ဟုဆိုကာ ဂမ်ဘီယာနိုင်ငံက နိုင်ငံတကာ တရားရုံး(ICJ) တွင် တရားစွဲထားသည့် အမှုနှင့် ပတ်သက်ပြီး လာမည့် ဇန်နဝါရီ ၂၃ရက်တွင် ကြားဖြတ် အမိန့်ချတော့မည် ဖြစ်ရာ ယခုထုတ်ပြန်ခဲ့သည့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာနှင့် ပတ်သက်ပြီး နိုင်ငံတကာအနေဖြင့် မည်မျှလက်ခံမည် ဆိုသည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။

၂၀၁၉ခုနှစ် ဇန်နဝါရီလက ဖြစ်ပွားခဲ့သည့် AA နှင့် တပ်မတော်တို့၏ လက်နက်ကိုင် ပဋိပက္ခကြောင့်လည်း ကော်မရှင်၏ လုပ်ငန်းစဉ်များအပေါ် ထိခိုက်မှုများ ရှိခဲ့သည်ဟု ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly